စစ်အေးတိုက်ပွဲပြီးဆုံးချိန်နောက်ပိုင်း အကြီးမားဆုံး အရှေ့-အနောက် အကျဉ်းသားလဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းမှာ ငွေကြေးကိစ္စမပါဝင်ဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သြဂုတ် ၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အဲဒီ အကျဉ်းသား လဲလှယ်ရေး သဘောတူညီချက် အဆင်ပြေချောမွေ့စွာ ဖြစ်ပေါ်အောင် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတာ မရှိဘူးလို့လည်း ဆူလီဗန်က ပြောပါတယ်။
လျှို့ဝှက်စေ့စပ်ထားပြီး ရှုပ်ထွေးတဲ့ သဘောတူညီချက်တစ်ခုဖြစ်တဲ့ အရှေ့-အနောက် အကျဉ်းသားလဲလှယ်ရေးရဲ့ အစိတ်အပိုင်းအဖြစ် ရုရှားက တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခဲ့တဲ့ အမေရိကန် သတင်းထောက် အီဗန်ဂါရှကိုဗစ်ချ်နဲ့ မရိမ်းတပ်သား ပေါလ်ဝီလန် ကို ကြာသပတေးနေ့မှာ ရုရှားဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။
အနောက်နိုင်ငံတွေမှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားရှစ်ယောက်ကိုလည်း ရုရှားနိုင်ငံဆီ ပြန်လည်ပို့ဆောင်ထားပါတယ်။
ဘာလင်မှာ ပြည်ပရောက် အတိုက်အခံတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဗာဒင်ကရာဆီကော့ဗ် ပါဝင်ကြောင်း ဂျာမနီက အတည်ပြုခဲ့ပါတယ်။
ကလေးနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ရုရှားနိုင်ငံဆီ ရွှေ့ပြောင်းခဲ့ပြီး ဂျာမနီကို ၁၃ ယောက်နဲ့ အမေရိကန်ကို သုံးယောက် ပို့ဆောင်ခဲ့တယ်လို့ အကျဉ်းသားလဲလှယ်ရေး ညှိနှိုင်း ဆောင် ရွက်ခဲ့တဲ့ တူကီယဲက ပြောပါတယ်။
လဲလှယ်မှုမှာ ပိုလန်၊ စလိုဗေးနီးယား၊ နော်ဝေနဲ့ ဘီလာရုစ်တို့လည်း ပါဝင်ခဲ့ ပါတယ်။ ရုရှားသုံ့ပန်းတွေကို အိမ်ပြန်ပို့ဖို့အတွက် မော်စကိုက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ကရင်မလင်က ထုတ်ပြန်ခဲ့ပါတယ်။