တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်တာ၊ နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူ ၉၃ ယောက်ကို ထပ်မံအရေးယူထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်တာ၊ နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူတွေကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲအစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို အသိပေးကြေညာချက် ထုတ်ပြန်ပြီးဖြစ်ပါတယ်။
အဲဒီလို ထုတ်ပြန်ပြီးနောက် နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် ၃၉ ယောက်ကို ဖော်ထုတ်အရေးယူထားပြီးဖြစ်သလို အခုထပ်မံပြီး ၉၃ ယောက်ကို စိစစ်ဖော်ထုတ်ကာ သူတိုရဲ့ ဘဏ်ငွေစာရင်းတွေနဲ့ Pay Account တွေကို ယာယီဆိုင်းငံ့တဲ့ အရေးယူမှုတွေ ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ Money Changer တွေကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့ရာ ဩဂုတ် ၁ ရက်အထိ စုစုပေါင်း Money Changer ၁၉၄ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။