ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်အငှားနဲ့ အရောင်းဈေးကွက်မှာ ပုံမှန်အနေအထားမှာ ရှိတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေက အိမ်ခြံမြေဈေးကွက်အပေါ် ထူးထူးခြားခြား သက် ရောက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

အိမ်ခြံမြေ ဝယ်ပြီးသူတွေအနေနဲ့ နာမည်ပြောင်းလျှောက်ထားရာမှာ ကိုယ်စားလှယ်လွှဲစာနဲ့ ဆောင်ရွက်ခွင့် ရမယ် ဆိုရင် နိုင်ငံတော်က အခွန်အခတွေ ပိုမိုရရှိလာနိုင်သလို အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်သူတွေနဲ့ ဝယ်ယူသူတွေ အနေနဲ့လည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ ဒေါ်မို့မို့အောင်က ပြောပါတယ်။ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ဦးဆောင်ပြီးတော့ အခြား အိမ်ခြံမြေအသင်းတွေ၊ အသိပညာ ရှင်၊ အတတ်ပညာရှင်၊ ဥပဒေပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေသစ် ပေါ်ထွက်လာဖို့အတွက်လည်း အားလုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။လာမယ့် ၂၀၂၆ ခုနှစ်မှာတော့ အာရှ-ပစိဖိတ် အိမ်ခြံမြေပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ် တယ်လို့လည်း ဒေါ်မို့မို့အောင်က ပြောပါတယ်။




