ဝက်စ်ဟမ်းအသင်းဟာ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ဖူခရက်ချ်ကို ခေါ်ယူဖို့အတွက် ဒေါ့မွန်အသင်းနဲ့ စကားပြောဆိုမှုတွေပြုလုပ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် ဖူခရက်ချ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနည်းပြသစ် လိုပီတီဂူရဲ့ တိုက်စစ်အားဖြည့်ဖို့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ အခုနွေရာသီမှာ တိုက်စစ်ကို ဖြည့်တင်းဖို့အတွက် ဗီလာအသင်းရဲ့ ကိုလံဘီယာတိုက်စစ်မှူး ဒူရန်အပါအဝင် တိုက်စစ်မှူးတွေကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
ဖူခရက်ချ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန်အသင်းအတွက် ၄၆ ပွဲကစားပေးခဲ့ပြီး ၁၆ ဂိုးသွင်းယူ ပေးနိုင်ခဲ့တာပါ။
ဒေါ့မွန်အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်မှူးသစ်အဖြစ် ဂူရာဆေးကို ခေါ်ယူထားလို့ ဖူခရက်ချ်အနေနဲ့ ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေတာဖြစ်ပြီး ကစားသမားကတော့ ပုံမှန်ကစားခွင့်ရတဲ့ အသင်းတစ်သင်းကို ပြောင်းဖို့ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဖူခရက်ချ်အပြင် မန်ယူ အသင်းရဲ့ညာနောက်ခံလူ ဘစ်ဆာကာကို ခေါ်ယူနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။