အင်ဒိုနီးရှားနိုင်ငံမှာ ပြိုကျသွားတဲ့ ဘာသာရေးကျောင်းအဆောက်အအုံ အောက်ကနေ လူ ၅ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၆၀ လောက်ကို အပူတပြင်း ရှာဖွေနေဆဲလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။အရှေ့ဂျာဗားမှာရှိတဲ့ အစ္စလာမ္မစ် ဘာသာရေးကျောင်းကို သုံးထပ်အဆောက်အအုံကနေ လေးထပ်အဖြစ် တိုးချဲ့ တည်ဆောက်နေရာ စက်တင်ဘာ ၃၀ ရက်က ရုတ်တရက် ပြိုကျသွားခဲ့တာပါ။ အဆောက်အအုံ ပြိုကျမှုကြောင့် ကလေးတွေရော၊ ဆောက်လုပ်ရေး လုပ်သားတွေပါ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဌာန ပြောခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီကတော့ အောက်တိုဘာ ၁ ရက် ညနေပိုင်းထိ သတင်းတွေအရ ပိတ်မိနေသူ ၅၉ ယောက်လောက် ရှိနေဆဲလို့ ပြောကြားသွားပါတယ်။ ကယ်ဆယ် ရေးနဲ့ ရှာဖွေရေးတွေ လုပ်ဆောင်နေရာ ဧရိယာတစ်ဝိုက်မှာတော့ ပူပန်သောကရောက်နေတဲ့ မိဘတွေ အများ အပြားက လာရောက်စုဝေးပြီး သတင်းစောင့်နေကြပါတယ်။လက်ရှိ အချိန်ထိတော့ အဲဒီဖြစ်ရပ်မှာ သေဆုံးသူ ၅ ယောက် အတည်ပြု တွေ့ရှိထားပြီး ရုတ်တရက် အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ကယ်ဆယ်ရေးလုပ်ငန်းတွေက သိမ်မွေ့ ရှုပ်ထွေးလွန်းနေပါတယ်။ တစ်နေရာရာမှာ လွန်နဲ့တူးဖောက်တဲ့အခါ တုန်ခါမှုက တခြားတစ်နေရာမှာ ပြိုကျမှုတွေ ဖြစ်ပေါ်မှာကို စိုးရိမ်ရတယ်။ ဒီတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေအောက်ကနေ လိုဏ်ခေါင်းဖောက်ပြီး အပျက်အစီးပုံအောက်ထဲ ဝင်နိုင်ဖို့ ကြိုးစားနေပါ။ မြေတူးတာ တစ်ခု တည်းကတင် မြေပြိုကျနိုင်တာ အပါအဝင် အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်လို့ အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ မိုဟာမက် ဆိုင်ယာဖီက ရှင်းလင်းပြောကြားခဲ့ပါတယ်။




