အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ လမ်းစည်းကမ်းဖောက်ဖျက်တဲ့ ကားတစ်စီးကို ယာဉ်ထိန်းရဲ တွေက လိုက်ဖမ်းခဲ့ရာ ကားပေါ်မှာ ယာဉ်မောင်း ပါမလာလို့ ဒဏ်ရိုက်စရာ လူမရှိဘဲ ဖြစ်ခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။မကွေ့ရမယ့် နေရာမှာ ဂငယ်ကွေ့ ကွေ့ခဲ့တာကြောင့် ရဲတွေက အပူတပြင်း လိုက်ဖမ်းခဲ့တာပါ။ အဲဒီကားဟာ နည်းပညာကုမ္ပဏီ Waymo ရဲ့ မောင်းသူမဲ့ကားတစ်စီး ဖြစ်ပြီး ရဲကားတွေရှေ့မှာပဲ လမ်းစည်းကမ်းဖောက်ကာ ခပ်တည်တည်ပဲ ဂငယ်ကွေ့ ကွေ့သွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘရူနိုမြို့ ရဲတပ်ဖွဲ့ဟာ အဲဒီဖြစ်စဉ်အပေါ် သူတို့ရဲ့ အရာရှိတွေ သွားရောက် စစ်ဆေးနေပုံကို Facebook ပေါ်မှာ ဝေမျှထားခဲ့တာဖြစ်ပါတယ်။ Waymo ဟာ ဆန်ဖရန်ဆစ္စကိုတစ်ဝိုက်မှာ မောင်းသူမဲ့ အငှားကားတွေကို ပြေးဆွဲနေတဲ့ နည်းပညာရှေ့ဆောင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ လူမပါတော့ ဒဏ်ရိုက်လို့လည်း မရတော့ဘူး၊ ရဲတပ်ဖွဲ့ လမ်းညွှန်စာအုပ်မှာ စက်ရုပ်ကို ဒဏ်ရိုက်ဖို့ ညွှန်ကြားချက်လည်း မပါဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ပို့စ်ထဲမှာ အရွှန်းဖောက်ပြီး ရေးသားခဲ့ပါတယ်။ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုထားတဲ့ မောင်းသူမဲ့ ကားတွေဟာ ပတ်ဝန်းကျင်က လမ်းအမှတ်အသား ဆိုင်းဘုတ်တွေ၊ မျဉ်းကြားတွေ၊ မီးပွိုင့်တွေကို အချိန်နဲ့တစ်ပြေးညီ ထောက်လှမ်းကြည့်ရှု မှတ်သားပြီး ယာဉ်စည်း ကမ်းနဲ့အညီ မောင်းနှင်ဖို့ တီထွင်ထားတာပါ။

ဒါပေမဲ့ အခုကိစ္စမှာတော့ software ပိုင်း အမှားအယွင်း တစ်ခုခု ကြောင့် မကွေ့ရမဲ့နေရာမှာ ကားက ဂငယ်ကွေ့ ပြန်ကွေ့သွားခဲ့တာ ဖြစ်ဟန် ရှိပါတယ်။ရဲတွေက ဒဏ်ရိုက်စရာ လူမပါတဲ့ကားကို ဒဏ်မရိုက်တော့ပေမယ့် အဲဒီကိစ္စအကြောင်း Waymo ကုမ္ပဏီဆီ အသိ ပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အခုလို စည်းကမ်းဖောက်တဲ့ မောင်းနှင်မှုတွေ ထပ်မဖြစ်အောင် software ပိုင်း ပြန်လည် စစ်ဆေး အဆင့်မြှင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရဲတွေက ပြောပါတယ်။




