ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်း၊ အရည်အသွေးတွေအပြင် ပြည်သူ့ဆက်ဆံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း နားလည်ကောင်းမွန်နေဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အောက်တိုဘာ ၁ ရက် မနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာကျင်းပတဲ့ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တပ်မတော်၊ ပြည်သူတို့နဲ့အတူ အကြမ်းဖက်ချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ အလေးထားသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်း ချက်တာဝန်(၄)ရပ်နဲ့ လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က မှာကြားပါတယ်။မူးယစ်ဆေးဟာ လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမဲ့ အန္တရာယ်ဖြစ်တဲ့အတွက် မူးယစ်ဆေးထုတ်လုပ်နိုင် တဲ့ အရင်းအမြစ်တွေကအစ ဖော်ထုတ်ရှင်းလင်းနိုင်ရေး ဆောင်ရွက်သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့ ကော်မရှင် အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့က ဂုဏ်ထူးဆောင်ဆု တံဆိပ်နဲ့ ဂုဏ်ပြုဆုတံဆိပ်ရရှိသူတွေကို ဆုတွေအသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။




