မန္တလေးတိုင်းဒေသကြီး အုန်းချောရွာအနီး ရှစ်ထပ်ရေတံခွန်တောင်ကနေ ပြုတ်ကျပြီး ပျောက်ဆုံးနေတဲ့ အမျိုး သမီး(၂)ယောက်ကို သေဆုံးလျက် ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့(မန္တလေးတိုင်းရုံး)ကနေ သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ ရှစ်ထပ်ရေတံခွန် တောင်ကို စက်တင်ဘာ(၂၉)ရက်က လူ(၁၄)ယောက် သွားရောက်ရေကစားရာမှာ တောင်ကျရေတစ်ရှိန်ထိုး ထိုးဆင်းကျလာလို့ ရေကစားနေသူတွေ ရေစီးနဲ့ မျှောပါခဲ့သလို ရေတံခွန်ရဲ့ အမြင့်ဆုံးအဆင့်မှာ အပန်းဖြေနေတဲ့ လူ(၁၄)ယောက်အဖွဲ့က လူ(၅)ယောက်လည်း ပြုတ်ကျသွားခဲ့တာပါ။

အဲဒီနေ့မှာ ပြုတ်ကျခဲ့တဲ့ လူ(၅)ယောက်ထဲ က တစ်ယောက်ကို အသက်ရှင်လျက်နဲ့ ၂ ယောက်ကို သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသမီး ၂ ယောက် ကတော့ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ယောက်ကို ဆက်လက်ရှာဖွေခဲ့ရာမှာ စက်တင်ဘာ ၃၀ ရက် မနက် ၁၁ နာရီခွဲ အချိန်လောက်က အသက် ၂၅ ဝန်းကျင်ရှိတဲ့ အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းကို ၃ ထပ်ရေတံခွန် အောက်ပိုင်းကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်ရှိနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို ဆက် လက်ရှာဖွေခဲ့ရာ အောက်တိုဘာ ၁ ရက်၊ နေ့လယ် ၁ နာရီ ၃၃ မိနစ်အချိန်လောက်မှာ သေဆုံးရုပ်အလောင်းကို ၃ ထပ်ရေတံခွန်အနီးကနေ ထပ်မံရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ မြို့နယ်နဲ့ နယ်မြေခံ ညီနောင်အဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြ တာဖြစ်ပြီး တွေ့ရှိတဲ့ ရုပ်အလောင်းတွေကိုတော့ စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော) အသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။




