နိုင်ငံ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း ထပ်မံတိုးမြင့် ခံစားခွင့် ပြုတယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။နိုင်ငံတော်အတွင်း နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် တစ် ယောက်ကို ကျပ်သုံးသောင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပထမအကြိမ်၊ ၂၀၂၄ ခုနှစ် ဩဂုတ် လက စတင်ပြီး ဒုတိယအကြိမ် လစဉ်ခံစားခွင့် ပြုခဲ့ပါတယ်။

အခုအခါ လက်ရှိ ထောက်ပံ့နေတဲ့ အပိုထောက်ပံ့ကြေး ကျပ်ခြောက်သောင်းအပြင် ထပ်မံပြီး နောက်ထပ် ကျပ် သုံးသောင်းကို လစဉ်ခံစားခွင့် ပြုတယ်လို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။အလားတူ တပ်မတော် (ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေးကိုလည်း လက်ရှိ ထောက်ပံ့ နေတဲ့ အပိုထောက်ပံ့ကြေး ကျပ်ခြောက်သောင်းအပြင် ထပ်မံပြီး နောက်ထပ် ကျပ်သုံးသောင်းကို လစဉ် ခံစားပြု တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်းကို နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေအနေနဲ့ အငြိမ်းစားယူဖို့ ကြိုတင်ပြင်ဆင်ခွင့်(၄)လအတွက်နဲ့ လစာပြည့် ဒါမှမဟုတ် လစာဝက် အစရှိတဲ့ လစာငွေ ရရှိတဲ့ အခြားခွင့် ခံစားနေတဲ့ ကာလအတွင်းမှာလည်း ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ်။နိုင်ငံခြားကို သွားရောက်ပညာသင်ကြားနေတဲ့ ဝန်ထမ်းတွေအနေနဲ့ သွားရောက်နေတဲ့ ကာလအတွင်း အပို ထောက်ပံ့ကြေးကို ခံစားခွင့် မရှိပါဘူး။

ဒါပေမဲ့ ရာထူးကနေ ခေတ္တချထားခြင်းခံရတဲ့ ဝန်ထမ်းတွေကိုတော့ တည်ဆဲ နည်းဥပဒေတွေအရ နေထိုင်စားသောက်မှု စရိတ်ကို ထုတ်ပေးတဲ့ ကာလအတွင်းမှာ အပိုထောက်ပံ့ကြေး ကို ခံစားခွင့် ပြုပြီး ပုံသေလစာ ရရှိတဲ့ ဝန်ထမ်းတွေလည်း အပိုထောက်ပံ့ကြေးကို လစာခံစားခွင့် ရှိမှာဖြစ်ပါတယ်။အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေကိုလည်း လက်ရှိ ထောက်ပံ့ နေတဲ့ အပိုထောက်ပံ့ကြေး ကျပ်နှစ်ထောင်အပြင် နောက်ထပ် ကျပ်တစ်ထောင် ခံစားပြုတဲ့အတွက် နေ့စားအလုပ် သမားတွေရဲ့ နေ့စဉ်လုပ်ခကလည်း ကျပ် ခုနစ်ထောင့်ရှစ်ရာ ဖြစ်တယ်လို့ သိရပါတယ်။အခုထုတ်ပြန်တဲ့ အမိန့်ဟာ အောက်တိုဘာ ၁ ရက်ကစပြီး အတည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်း တွေကို လာမဲ့ အောက်တိုဘာလအတွက် ပေးဖို့ရှိတဲ့ လစာ၊ လုပ်ခ၊ ပင်စင်လစာနဲ့အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးရမယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။




