မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ ရှစ်ထပ်ရေတံခွန် တောင်ကို စက်တင်ဘာ (၂၉) ရက် ညနေ ၃ နာရီအချိန်လောက်က လူ(၁၄)ယောက် သွားရောက်ရေကစားရာမှာ လူ(၅)ယောက် ပြုတ်ကျတာကြောင့် အမျိုးသမီး ၂ ယောက်သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အများပြည်သူ အပန်းဖြေလာရောက်နေတဲ့ ရှစ်ထပ်ရေတံခွန်မှာ တောင်ကျရေတစ်ရှိန်ထိုး ထိုးဆင်းကျလာလို့ ရေကစားနေသူတွေ ရေစီးနဲ့ မျှောပါခဲ့သလို ရေတံခွန်ရဲ့ အမြင့်ဆုံးအဆင့်မှာ အပန်းဖြေနေတဲ့ လူ(၁၄)ယောက် အဖွဲ့မှာ လူ(၅)ယောက်ဟာ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ပြုတ်ကျခဲ့တဲ့ နေရာကို ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပရဟိတအသင်း အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး ညနေ ၅ နာရီအချိန်မှာ ရုရှားနိုင်ငံသား အမျိုးသားတစ်ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ညနေ ၆ နာရီ ၅ မိနစ်အချိန်လောက်မှာ ရှစ်ထပ်ရေတံခွန်ရဲ့ အောက်အဆင့် ၃ ထပ်ရေတံခွန်မှာ အမျိုးသမီး (၂) ယောက်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးတဲ့ အမျိုးသမီး (၂)ယောက်ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။




