ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အောက်တိုဘာ ၁ ရက်က စပြီး MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မယ်လို့ အကောက်ခွန်ဦးစီးဌာနက ကြေညာပါတယ်။ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေဖို့အတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ် အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုထားတာပါ။

လက်ရှိမှာ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ ပို့ကုန်သွင်းကုန်တွေအတွက် ကြေညာလွှာ ဖွင့်လှစ်တာကို Manual နည်းလမ်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး လာမဲ့ အောက်တိုဘာ ၁ ရက်ကစကာ Manual နည်းလမ်းအစား မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS)နဲ့ ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ဒါ့ကြောင့် ပို့ကုန်သွင်းကုန် ကြေညာလွှာတင်သွင်းသူတွေဟာ ကြေညာလွှာမှာ မိမိတို့ တင်ပို့တင်သွင်းမှုနဲ့ သက် ဆိုင်တဲ့ အချက်အလက်တွေကို မပျက်မကွက် ဖြည့်စွက်ရမယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ တင်ပို့တင်သွင်းမှုတွေအတွက် ကြေညာလွှာမှာ Station ၊ Section Mode of Transport နဲ့ Loading /Unloading Location တွေကို အထူးဂရုပြု ဖြည့်စွက်ရမယ်လို့ ဆိုပါတယ်။မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS) စနစ်မှာ သွင်းကုန်ကြေညာလွှာတွေကို အလို အလျှောက်လက်ခံစိစစ်ပေးပြီး ကျသင့်အခွန်တွေကို အလိုအလျှောက်တွက်ချက်ကာ ငွေပေးချေမှု လုပ်ငန်းစဉ် ပြီးတာနဲ့ ကုန်ပစ္စည်းထုတ်ယူခွင့်ကို စက်ကနေ အလိုအလျောက်ပြန်ချပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။



