မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား ရေးထိုးခဲ့တဲ့ လုံခြုံရေး စာချုပ်ဟာ ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတယ် လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်က အင်္ဂါနေ့မှာ ဝေဖန်မှတ်ချက်ပြုလိုက်ပါတယ်။
မြောက်ကိုရီး ယားဟာ ရုရှားကို ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လက်နက်တွေ ပေးအပ်ခဲ့တယ်လို့လည်း ဝန်ကြီး ပန်နီဝေါင်က ပြောသွားပါတယ်။
ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်ကို သွားရောက်လေ့လာပြီးတဲ့နောက် အဲဒီဇုန်အနီးက ပါဂျူးမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ စကား ပြောရာမှာ ဝေါင်က အခုလို ပြောသွားခဲ့တာပါ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှား သမ္မတ ပူတင်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာ လုံခြုံရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ လုံခြုံရေး စာချုပ်မှာ တစ်နိုင်ငံက လက်နက်ကိုင်တိုက်ခိုက်မှုကို ခံရရင် တစ်နိုင်ငံက စစ်ရေး အကူအညီ ချက်ချင်းပေးဖို့ဆိုတဲ့ ကတိလည်း ပါဝင်ပါတယ်။