ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတမာဒူရို ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာချက်ထွက်လာတဲ့နောက် ကာရာကတ်စ် မြို့တော်က ချာဗစ္စတာ လို့ခေါ်တဲ့ ရပ်ကွက်မှာ အဲဒီကြေညာချက်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ တနင်္လာနေ့ ညပိုင်းမှာ ပေါ်ပေါက်လာပါတယ်။
ချာဗစ္စတာ ရပ်ကွက်နေပြည်သူတွေဟာ သံပုံးတွေတီးပြီး မော်တော်ဆိုင်ကယ် တွေနဲ့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးတော့ လမ်းမှာချထားတဲ့ လုံခြုံရေးအတားအဆီးတွေကိုလည်း မီးရှို့ခဲ့ကြ ပါတယ်။
တနင်္လနေ့က ဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ အတိုက်အခံခေါင်းဆောင် ဂွန်ဇာလပ်စ်တို့ဟာ ရွေးကောက်ပွဲ အနိုင်ရကြောင်း အပြိုင်ကြေညာခဲ့တဲ့နောက် သမ္မတနန်းတော် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ ဆန္ဒ ဖော်ထုတ်ပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။
မြို့တော်ကာရာကတ်စ်ရဲ့ လမ်းတွေပေါ်မှာ သမ္မတမာဒူရိုရဲ့ ရွေးကောက် ပွဲ ရလဒ်ကြေညာချက်ကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်သူတွေနဲ့ ပြည့်သွားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် အပါအဝင် အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်တဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ လုံခြုံရေးအတားအဆီးတွေကို မီးရှို့တာ၊ လမ်းမကြီးတွေကို ပိတ်ဆို့တာနဲ့ သံပုံးတွေ တီးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဗင်နီဇွဲလား အာဏာပိုင် တွေက ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး ဆန္ဒဖော်ထုတ်မှုတွေကို နှိမ်နင်းစေတဲ့အတွက် ရဲတွေနဲ့ ဆန္ဒဖော်ထုတ်သူ တွေအကြား ထိပ်တွေ့မှုတွေလည်း ပေါ်ပေါက်နေပါတယ်။
ကာရာကတ်စ်မြို့တော်က သမ္မတနန်းတော်ရှိရာကို ချီတက်လာတဲ့ ဆန္ဒဖော်ထုတ်သူတွေကို အမျိုးသားအစောင့်တပ်က တားဆီးခဲ့လို့ ဆန္ဒဖော်ထုတ်သူတွေ ရှေ့ဆက် မတိုးနိုင်ဘဲ ရှိခဲ့ပါတယ်။
အဲဒီဆန္ဒဖော်ထုတ်မှုဖြစ်စဉ်တွေမှာ ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ကို အာဏာပိုင်တွေဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။