ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုတဲ့အချက်ကို အစားထိုး ပြင်ဆင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ပြဋ္ဌာန်းပါတယ်။အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အစားထိုး ပြင်ဆင် ပြဋ္ဌာန်းလိုက်တာပါ။

မူလက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)မှာ ပြည်ထောင်စုတစ်ဝန်း လုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ တိုင်း ဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒ နယ် အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုတဲ့ အချက်ကို ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။အခုအခါ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်အစား လေးပုံတစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုတဲ့ အချက်ကို ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် (၇၁၂)နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။လက်ရှိမှာတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်လုံး စည်းရုံးမယ့် ပါတီ ၆ ပါတီနဲ့ တိုင်း/ပြည်နယ် တစ်ခုမှာသာ စည်းရုံးမယ့် ပါတီ ၅၁ ပါတီ ရှိတယ်လို့ သိရပါတယ်။အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို လာမယ့် စက်တင်ဘာလကုန်မှာ ကပ်ထားကြေညာ မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားထားပါတယ်။




