နို့စို့ကလေးနဲ့ ကလေးငယ်တွေအတွက် ဖော်စပ်စာဖြစ်တဲ့ Dumex Dupro Brand ကုန်ပစ္စည်းအတုတွေ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA )က ထုတ်ပြန်ပါတယ်။အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းတဲ့ အစားအသောက်တွေကို အများပြည်သူ စားသုံးနိုင်ဖို့ စဉ်ဆက်မပြတ်ဆောင်ရွက်နေရာမှာ အခုလို Dumex Dupro Brand အတုတွေ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတာကို စိစစ်တွေ့ရှိခဲ့ရ တာလို့ ဆိုပါတယ်။

DKSH Myanmar ကုမ္ပဏီက တင်သွင်းပြီး ထောက်ခံချက်ရရှိထားတဲ့ Dumex Dupro Brand အစစ်မှာ ဒူးမက်ဆိုတဲ့ မြန်မာစာသားကိုစာလုံး ပေါင်း (က်) နဲ့ စာလုံးပေါင်းထားပြီး Dumex Dupro Brand အတု ကတော့ ဒူးမတ်ဆိုပြီး မြန်မာစာသားကို စာလုံးပေါင်း(တ်)နဲ့ စာလုံးပေါင်းထားတယ်လို့ သိရပါတယ်။အဲဒီအပြင် Dumex Dupro Brand အစစ်မှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ အမည်၊ လိပ်စာ၊ Danone Logo နဲ့ Call Center ဖုန်းနံပါတ်တွေ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ Dumex Dupro Brand အတုမှာ တော့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ အမည်၊ လိပ်စာ၊ Danone Logo နဲ့ Call Center ဖုန်းနံပါတ်တွေ ဖော်ပြထားတာ မရှိဘူးလို့ ဆိုပါတယ်။Dumex Dupro Brand အစစ်မှာ ထုတ်လုပ်တဲ့ရက်စွဲ ၊ ထုတ်လုပ်တဲ့အပတ်စဉ်နဲ့ သက်တမ်းကုန်ဆုံးမဲ့ ရက်စွဲတွေကို အချိန် နာရီအတိအကျနဲ့ ဖော်ပြထားပြီး အဲဒီအချိန်နာရီတွေဟာ ထုတ်လုပ်တဲ့ ရက်စွဲ အပတ်စဉ်အလိုက် ကွဲလွဲချက်ရှိပါတယ်။

Dumex Dupro Brand အတုမှာ ထုတ်လုပ်တဲ့ရက်စွဲ၊ ထုတ် လုပ်တဲ့အပတ်စဉ် နဲ့ သက်တမ်းကုန်ဆုံးမဲ့ ရက်စွဲတွေကို အချိန် နာရီအတိအကျနဲ့ ဖော်ပြထားတာ မရှိပါဘူး။အဲဒါကြောင့် စားသုံးသူတွေအနေနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေး အာမခံချက်နဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အစားအသောက်တွေကို စားသုံးသူတွေအနေနဲ့ ဝယ်ယူစားသုံးတာမပြုဖို့ FDA က အသိပေးထားပါတယ်။ ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့လည်း Dumex Dupro Brand ကုန် ပစ္စည်းအတုတွေကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချတာ မပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ အရ အရေးယူဆောင်ရွက်သွားမယ်လို့ FDA က ထုတ်ပြန် ထားပါတယ်။



