ပြည်တွင်းဆီစက်တွေအနေနဲ့ စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းအောင် ဆောင်ရွက် ကြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြား ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဆဋ္ဌမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးမှာ ဒုတိယဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမယ်ဆိုတဲ့မူဝါဒကို ကိုင်စွဲထားပြီး ဆီထွက်သီးနှံကုန်ကြမ်း ဝယ်ယူရာမှာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ ဝယ်ယူဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း နာယက ဦးခင်စိုးက ပြောပါတယ်။ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေရဲ့ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ဖို့နဲ့ ခိုင်မာတဲ့ဈေးကွက် လိုအပ်ပြီး ဆီစက်တွေက ထုတ်လုပ်တဲ့စားသုံးဆီတွေကို ပြည်တွင်းမှာ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ပေး ဖို့လည်း လိုအပ်တယ် လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။ ပြည်တွင်းမှာကြိတ်ခွဲတဲ့ထုတ်လုပ်တဲ့ဆီတွေဟာ အရည်အသွေးမီဆီကောင်းဆီသန့် ဖြစ်ဖို့လိုအပ်တာကြောင့် ပြည်တွင်းထုတ် စားသုံးဆီတွေဟာ သတ်မှတ်အရည်အသွေး ကိုက်ညီမှု ရှိမရှိကို သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ သေချာစိစစ်ပေးဖို့ လိုအပ်တယ်လို့ စားသုံးသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ နှစ်စဉ်စားသုံးဆီ သုံးစွဲမှုက တန်ချိန် ၁၂သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်လို့ ပြည်ပကနေ တစ်နှစ်ကို စားသုံးဆီ တန်ချိန် ၆ သိန်းကျော်လောက် တင်သွင်းနေရတယ်လို့ သိရပါတယ်။အခုနှစ်ပိုင်းမှာ ပြည်တွင်းဆီစက်တွေက ကြိတ်ခွဲထုတ်လုပ်တဲ့စားသုံးဆီ ဝယ်လိုအားကျလို့ တောင်သူတွေဆီက ဆီထွက်သီးနှံကုန်ကြမ်းတွေကို အပြည့်အဝ ဝယ်ယူမပေးနိုင်တဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းက ပြောပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ပြည်တွင်း မှာ ဆီထွက်သီးနှံတွေ ပေါလျံတဲ့အချိန်မှာ ပြည်ပကနေ စားသုံးဆီ တင်သွင်းမှုကို လျော့ချပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။




