အခုချိန်မှာ သူ့ရဲ့ အသက်အရွယ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရပ်တန့်သင့်ပြီ ထင်တယ်လို့ အေစီမီလန်အသင်း အတွက် အနိုင်ဂိုးသွင်းယူပြီးနောက် ကွင်းလယ်လူ မိုဒရစ်က ပြောကြားလိုက်ပါတယ်။ အသက် ၄၀ အရွယ် မိုဒရစ်ဟာ ဘိုလော့နာအသင်းနဲ့ပွဲမှာ အေစီမီလန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပြီးနောက် အခုလိုပြောသွားတာဖြစ်ပါတယ်။

အေစီမီလန်အသင်းက ဘိုလော့နာအသင်းကို အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ကို ခက်ခဲနေခဲ့တာဖြစ်ပြီး ပွဲချိန် ၆၁ မိနစ်မှာ မိုဒရစ်က အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ကမှ အသက် ၄၀ ပြည့်ထားတဲ့ မိုဒရစ်အတွက် အေစီမီလန်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်သလို အသက် ၄၀ ကျော်အရွယ်မှာ စီးရီးအေသွင်းဂိုးရရှိတဲ့ ၅ ယောက်မြောက်ကစားသမား လည်းဖြစ်ပါတယ်။ အေစီမီလန်အသင်းကို ငယ်စဉ်ထဲက အားပေးလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးသွင်းယူ နိုင်ဖို့ကို ငယ်ဘဝအိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်လို့ ဂိုးသွင်းယူအပြီးမှာ မိုဒရစ်က ပြောသွားပါတယ်။

အသက် ၄၀ အရွယ် မိုဒရစ်ကို ခေါ်ယူလိုက်တဲ့ အေစီမီလန်အသင်း ဆုံးဖြတ်ချက်ကို ဝေဖန်မှုတွေရှိခဲ့ပေမယ့် မိုဒရစ်ကတော့ အဆင့်မြင့်ပွဲစဉ်တွေမှာ ကစားနိုင်ဆဲဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ အသက်အရွယ် အကြောင်းကို လူတွေမပြောကြဖို့ မျှော်လင့်ပါတယ်လို့လည်း မိုဒရစ်က ပွဲအပြီးမှာ ပြောသွားပါတယ်။




