လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်း တာ၊ စိစစ်တာ၊ ရုပ်သိမ်းတာတွေနဲ့ စပ်လျဉ်းတဲ့ နေ့ရက်တွေကို ပြင်ဆင်သတ်မှတ် လိုက်တယ်လို့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ လွှတ်တော် ၃ ရပ်ရဲ့ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာမှာ ရွေးကောက် ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါ ကြောင့် နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာမှာ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေအတွက် အချိန်ပိုမိုရရှိစေဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းတာ၊ စိစစ်တာ၊ ရုပ်သိမ်းတာတွေနဲ့ စပ်လျဉ်းတဲ့ နေ့ရက်တွေကို ပြင်ဆင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာ ၈ ရက်မှာ စတင်တင်သွင်းနိုင်ပြီး အမည်စာရင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုရင် စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရ မဲ့ နောက်ဆုံး နေ့ရက်ကိုလည်း စက်တင်ဘာ ၂၂ ရက်ထိ ရက်တိုးမြင့် သတ်မှတ်ပေးခဲ့ပါတယ်။PR မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးအတွက် အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းရင် စက်တင်ဘာ ၁၈ ရက်ကနေ ၂၂ ရက်ထိ နောက်ဆုံးထားပြီး အစားထိုးပြန်လည်တင်သွင်းရမှာဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာတွေကို စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၅)နယ်၊ အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၂၆)နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၆၆)နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၄၂)နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် (၂၉)နယ် စုစုပေါင်း မဲဆန္ဒနယ် (၇၁၂)နယ် တို့မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။လက်ရှိမှာ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် ခွင့်ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်လုံး စည်းရုံးမယ့် ပါတီ ၆ ပါတီ နဲ့ တိုင်း/ပြည်နယ် တစ်ခု မှာသာ စည်းရုံးမယ့် ပါတီ ၅၁ ပါတီ ရှိတယ်လို့ သိရပါတယ်။




