သတ်မှတ်ပါတီဝင်အင်အား မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) နဲ့ ပါတီရုံးခန်း မပြည့်မီတဲ့ အမျိုး သားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (စ) နဲ့ (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင် အင်အား နဲ့ ပါတီရုံးခန်းတွေ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်ကို စက်တင်ဘာ ၇ ရက် နောက်ဆုံးထား တင်ပြရမယ်လို့ ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉) နဲ့ (၁၀) အရ သတ်မှတ်ရက် ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်ထိ ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါ သတ်မှတ်ပါတီဝင် အင်အား မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) နဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) ပါ သတ်မှတ်ပါတီရုံးခန်း မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုး သမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) အရ စက်တင်ဘာ ၉ ရက်ကစပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ ကြေညာချက်အရ သိရပါတယ်။

ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)၊ အမျိုး သား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) တို့က ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို စက်တင်ဘာ ၈ ရက်မှာ စတင် တင်သွင်းနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုရင် စက်တင်ဘာ ၁၂ ရက် နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေညာထားပြီး ဖြစ်ပါတယ်။PR မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မိမိပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် လောင်း တစ်ဦးအတွက် အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းရင် စက်တင်ဘာ ၁၃ ရက်ကနေ ၁၇ရက် နောက်ဆုံး ထားပြီး အစားထိုးပြန်လည်တင်သွင်းရမယ်လို့လည်း ဖော်ပြထားပါတယ်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာတွေကို စက်တင်ဘာ၁၈ရက်ကနေ အောက်တိုဘာ ၄ရက်အထိ စိစစ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်မှာ ကျင်းပမဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက် ရက်စွဲနဲ့ ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။




