၇၂ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center (QSNCC) မှာ ကျင်းပပြုလုပ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် နဲ့ ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။အဲဒီနောက် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) ရဲ့ ညွှန်ကြားရေးမှူးချုပ် နဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဖဲကြိုးဖြတ်ကာ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပါတယ်။

ပြပွဲကို နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) နဲ့ The Gem and Jewelry Institute of Thailand (GIT) တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး စက်တင်ဘာ ၉ ရက် ကနေ ၁၃ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ပြပွဲမှာ ကုမ္ပဏီပေါင်း ၁၁၀၀ ကျော်က ပြခန်း ၂၆၀၀ ကျော်နဲ့ ပါဝင်ပြသထားတာ ဖြစ်ပြီး ကျောက်မျက်၊ ရွှေ၊ ငွေ၊ စိန်၊ ပုလဲ လက်ဝတ်ရတနာတွေ ဖက်ရှင်လက်ဝတ်ရတနာတွေ အပါအဝင် လက်ဝတ်ရတနာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ပါဝင် ပြသထားတာ ဖြစ်ပါတယ်။အဲဒီ ကျောက်မျက်ရတနာပြပွဲကိုတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာ ပြခန်း ၄ ခန်း ပါဝင်ပြသသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။




