တရုတ်နိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ အဖွဲ့ဝင် တွေလိုက်ပါပြီ စက်တင်ဘာ ၅ ရက်ဒေသစံတော်ချိန် မနက် ၈ နာရီခွဲက ပေတဟောင် Smart Agriculture Exhibition Centerကို သွားရောက် ကြည့်ရှု လေ့လာပါတယ်။

ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ ပေတဟောင် Smart Agriculture Exhibition Centerကို ရောက်ရှိကြပြီး ကုမ္မဏီရဲ့ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုကြည့်ရှုကြပါတယ်။အဲဒီနောက် ခင်းကျင်းပြသထားတဲ့ လယ်ယာစိုက်ပျိုးမှု သရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ လူမဲ့နည်းပညာနဲ့ AI စနစ်သုံး စက်ယန္တရားတွေနဲ့ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းတာတွေဆောင်ရွက်မှု၊ AI စနစ်သုံး Droneတွေနဲ့ စိုက်ပျိုးမြေတွေအတွက် လိုအပ်တဲ့ မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကြဲပက်ခြင်းနဲ့ မျိုးစေ့ကြဲပက်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး တန်ဖိုးမြင့်ကုန်ချောပစ္စည်းတွေအဖြစ် ထုတ်လုပ်ရောင်းချနေမှုနဲ့ ပေတဟောင် Smart Agricultureက ထုတ်လုပ်တဲ့ အဆင့်မြင့်လယ်ယာသုံး စက်ပစ္စည်းကိရိယာတွေကို လှည့်လည် ကြည့်ရှုလေ့လာကြပါတယ်။ဆက်လက်ပြီး Data Center အတွင်း လူမဲ့နည်းပညာနဲ့ AI စနစ်သုံး ကောက်စိုက်စက်တွေ၊ Drone တွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်လုပ်ငန်းတွေဆောင်ရွက်နေမှု အခြေအနေတွေကို တိုက်ရိုက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိရှိလိုတာတွေကိုမေးမြန်းဆွေးနွေးပြောကြားပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပေတဟောင် Smart Agriculture Exhibition Centerက တာဝန်ရှိသူတစ်ဦးက အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ဆောင်ပစ္စည်းတွေ ပြန်လည်ပေးအပ်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲဟာ ဟေလုံကျန်းဟွေတ နည်းပညာကုမ္ပဏီလီမိတက်ကို ရောက်ရှိကြပြီးနိုင်ငံတကာမှာ အဆင့်မြင့်စိုက်ပျိုး ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ မောင်းသူမဲ့စနစ်နဲ့ ယာဉ်ယန္တရားတွေရဲ့ ဒီဇိုင်းတွေထုတ်လုပ်နေမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone တွေထုတ်လုပ်အသုံးပြုနေမှု၊ AIစနစ်သုံးမြေအခြေအနေ တိုင်းတာရေး ပစ္စည်းတွေ ထုတ်လုပ်နေမှု အခြေအနေတွေကို တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိရှိလိုတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတစ်ဦးတို့က လက်ဆောင်ပစ္စည်းတွေအပြန်အလှန်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။




