ဗြိတိန်ဟာ နော်ဝေအတွက် စစ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ မကြာသေးခင်က စာချုပ်ချူပ်ဆိုခဲ့ပြီး ဒိန်းမတ်နဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ ဆွီဒင်တို့အတွက်ပါ စစ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တွေနဲ့အတူ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။

Financial Times သတင်းစာကလည်း ဗြိတိန်ဟာ ဒိန်းမတ်နဲ့ဆွီဒင်နိုင်ငံတို့အတွက် စစ်သင်္ဘောတွေ တည်ဆောက် ဖို့ ဆွေးနွေးမှုကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အဲဒီလုပ်ငန်းတွေကို စကော့တလန်မှာရှိတဲ့ သင်္ဘောကျင်းတွေမှာ ဆောင်ရွက်မှာဖြစ်လို့ စကော့တလန်စီးပွားရေးနဲ့ ဗြိတိန်ရဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အထောက်အကူတွေ ဖြစ်စေမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒိန်းမတ်နိုင်ငံနဲ့ သဘောတူညီမှုရဖို့က အလွန်နီးစပ် နေပြီး လက်တွေ့အားဖြင့် ခိုင်မာနေပြီဖြစ်သလို ဆွီဒင်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကလည်း အတော်လေး အပြုသဘော ဆောင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆွီဒင်ဟာ ပြင်သစ်နဲ့လည်း ဆွေးနွေးမှုရှိနေတာကြောင့် နည်းနည်း ပိုရှုပ်ထွေးနေပါတယ်။ ဗြိတိန်အနေနဲ့ အထူးသဖြင့် အာတိတ်သမုဒ္ဒရာနဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွေမှာ စကင်ဒီနေးဗီးယားနိုင်ငံတွေနဲ့ စစ်ရေးမဟာမိတ် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်လိုတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင်ဥရောပဟာ အရင်ကလို အမေရိကန်ပြည်ထောင်စုရဲ့ အကာအကွယ်ပေးမှုကို အမြဲတမ်းအားကိုးလို့ မရတော့ဘူးလို့ ဗြိတိန်က ယုံကြည်နေပြီး ဥရောပအနေနဲ့ ကိုယ်ပိုင် စစ်ရေးဖြေရှင်းနည်းတွေကို တီထွင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ဒိန်းမတ်နဲ့ ဆွီဒင်တို့ဟာ စကော့တလန်၊ ရိုဆိုက်သ်မြို့က Babcock International ကုမ္ပဏီရဲ့ သင်္ဘောကျင်းတွေ မှာ တည်ဆောက်မယ့် Type 31 ဖရီးဂိတ်စစ်သင်္ဘောတွေကို စိတ်ဝင်စားနေကြပါတယ်။ ဒိန်းမတ်က ဒီလကုန် လောက်မှာ သင်္ဘော ၃ စင်း မှာယူနိုင်ခြေရှိပြီး ဆွီဒင်ကတော့ Type 31 ဖရီးဂိတ် စစ်သင်္ဘော ၄ စင်းမှာယူဖို့ စိတ်ဝင်စားနေပေမယ့် နှစ်ကုန်ပိုင်းလောက်မှာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဆိုပါတယ်။ Type 31 စစ်သင်္ဘော တစ်စင်းရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာသန်းပေါင်း ၃၃၅ သန်းရှိတယ်လို့ သိရပါတယ်။




