ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ အာဟာရဗေဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ(၂) ရက်ကနေ (၄)ရက် အထိ (၃)ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိရစ္တာန်ဥယျာဉ်က သိရပါတယ်။

တိရစ္တာန်ဥယျာဉ်မှာ မွေးမြူထားတဲ့တိရစ္တာန်တွေအတွက် မှန်ကန်ပြည့်ဝတဲ့ အစာအာဟာရရရှိစေကာ သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမဲ့ နည်းလမ်းနဲ့ အာဟာရဗေဒပညာရပ်တွေကို ကျွမ်းကျင်ပညာရှင် တွေက ပို့ချသင်ကြားပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။အလုပ်ရုံဆွေးနွေးပွဲမှာ မွေးမြူထားတဲ့တိရစ္တာန်တွေကို အစားအစာဘယ်လိုကျွေးမယ်၊ ဘယ်လောက် အတိုင်း အတာအထိ ကျွေးမယ်ဆိုတာတွေကို စာတွေ့လက်တွေ့ ဆွေးနွေးသွားမယ်လို့ Htoo Zoos & Gardens Business Unit က အကြံပေး ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် တိရစ္ဆာန်မျိုးစိတ်အလိုက် သင့်တော်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးနိုင်ဖို့၊ ရောဂါဘယတွေ ကင်းရှင်းစေဖို့၊ သက်တမ်းရှည်ကြာစွာ နေနိုင်ဖို့နဲ့ ကောင်းကောင်းမွန်မွန် အောင် မြင်စွာ သားဖောက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေအတွက်လည်း မလိုလားအပ်တဲ့ အစားအစာတွေ အချည်းနှီးဖြစ်တာကို လျော့ချ နိုင်ပြီး ကုန်ကျစရိတ်တွေကိုလည်း လျော့စေနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



