အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၆ အဆင့်ရှိ ငလျင်ကြောင့် ပြည်နယ်အများစု ထိခိုက်ကာ ကူနာပြည်နယ်တစ်ခုတည်းမှာတင် သေဆုံးသူ ၁၄၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃၀၀၀ ကျော်ရှိခဲ့တယ်လို့ တာလီဘန် က ပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

မြေပြင်အနေအထား ကြမ်းတမ်းပြီး ကျောက်ဆောင်တွေ ပြိုကျတာကြောင့် ကွန်မန်ဒိုတွေကို လေကြောင်းကနေ ချပေးပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတာပါ။ Save the Children အဖွဲ့ကလည်း ဆေးပစ္စည်းတွေကို ကျောပိုးပြီး ၁၂ မိုင်ကျော် လမ်းလျှောက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ နောက် ဆက်တွဲငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါသေးတယ်။အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်အောင် နိုင်ငံတကာက ကူညီပေးကြဖို့ ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ ညှိနှိုင်းရေးမှူး Indrika Ratwatte က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာလူမှုအဖွဲ့အစည်း တွေနဲ့ လူသားချင်းစာနာထောက်ထာရေးအဖွဲ့အစည်းတွေကို တာလီဘန်အစိုးရက အကူအညီတောင်းခံခဲ့သလို ကုလသမဂ္ဂကလည်း အရေးပေါ်ရန်ပုံငွေတွေပေးကာ ကယ်ဆယ်ရေးအဖွဲ့တွေ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အလှူရှင်နိုင်ငံတွေက အကူအညီရန်ပုံငွေတွေ လျှော့ချတဲ့ အခြေအနေကြောင့် လုံလောက်တဲ့ အကူအညီ တွေ မရရှိသေးဘဲ အမိုးအကာ၊ ဆေးဝါး၊ ရေနဲ့ အစားအစာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဗြိတိန်က ပေါင် ၁ သန်း၊ ဥရောပသမဂ္ဂက အရေးပေါ်ပစ္စည်းတန်ချိန် ၁၃၀ နဲ့ ယူရို ၁ သန်း ထောက်ပံ့ခဲ့ပါတယ်။ တာလီဘန် အာဏာပိုင်တွေက ကူနာပြည်နယ်မှာ စခန်းတစ်ခုနဲ့ စင်တာနှစ်ခုထူထောင်ပြီး အထောက်အပံ့နဲ့ အရေးပေါ် အကူအညီတွေပေးဖို့ ညှိနှိုင်းလုပ်ဆောင်နေပါတယ်။




