ဂန္ထဝင်ဂီတစာဆို ဆရာမြို့မငြိမ်းရေးစပ်ခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းကို မြို့မငြိမ်းမိသားစုဆီ ခွင့်ပြုချက် ရယူ တာမရှိဘဲ သီဆိုထုတ်လွှင့်ဖြန့်ဝေတာတွေ မပြုလုပ်ဖို့ မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက်က အသိပေးထုတ် ပြန်ပါတယ်၊၊

အဲဒီသီချင်းကို မိသားစုဆီ အသိပေး ခွင့်ပြုချက် ရယူတာမရှိဘဲ နိုင်ငံရေး စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း တစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့တို့က မိမိတို့ ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်းရဲ့ စာသား တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အသုံးပြုတာ၊ သီဆိုတာ၊ ဖြန့်ဝေတာ၊ လွှင့်ထုတ်တာတွေကို သီချင်းရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်တယ်လို့ ဆိုပါတယ်၊၊ဂန္ထဝင်ဂီတစာဆို ဆရာမြို့မငြိမ်းဟာ “လူချွန်လူကောင်း”သီချင်းကို ၁၉၅၂ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်တော်သာညီလာခံအတွက် ရေးစပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ပြည်တော်သာညီလာခံမှာ မြန်မာပြည်တစ်ဝန်းက သီချင်းရေးဆရာတွေက ညီလာခံဂုဏ်ပြုသီချင်းတွေ ရေးစပ်ခဲ့ကြတဲ့အနက် မြို့မငြိမ်းက ပြည်တော်သာညီလာခံတစ်ခုတည်းအတွက်မဟုတ်ဘဲ ခေတ်မှီတိုးတက်တဲ့ အနာဂတ် မြန်မာနိုင်ငံတော်အထိ အမြော်အမြင်ကြီးစွာနဲ့ “လူချွန်လူကောင်း”သီချင်းကို ရေးစပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ဒါ့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ဦးဆောင်တည်ထောင်ခဲ့တဲ့ မြို့မအပျော်တမ်းတူရိယာအသင်းရဲ့ တာဝန်ရှိ သူတွေအနေနဲ့လည်း မြို့မငြိမ်းရဲ့ သီချင်းတွေကို အသင်းက လက်ခံတီးမှုတ်တဲ့ ဧည့်ခံဖျော်ဖြေပွဲတွေမှာ သီဆိုတီး မှုတ်တာတွေကလွဲပြီး တခြား ဂီတထုတ်လုပ်တာ၊ နိုင်ငံရေး စီးပွားရေး အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုတာတွေကို မြို့မငြိမ်းမိသားစုရဲ့ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ်ရောင်းချခွင့် မရှိဘူးလို့လည်း အသိပေးထားပါတယ်။



