ဘရာဇီးတောင်ပံကစားသမား အန်တိုနီအတွက် မန်ယူအသင်းနဲ့ ဘက်တစ်အသင်းတို့ ပေါင် ၂၁ ဒသမ ၆၅ သန်းနဲ့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။ မန်ယူအသင်းနဲ့ ဘက်တစ်အသင်း တာဝန်ရှိသူတွေဟာ အန်တိုနီ အပြောင်းအရွှေ့အတွက် အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးနောက် သောကြာနေ့က သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

အစောပိုင်းမှာ အသက် ၂၅ နှစ်အရွယ် အန်တိုနီဟာ မန်ယူအသင်းဘက်ကနေ ငွေကြေး တစ်စိတ် တစ်ပိုင်းရယူလိုတာကြောင့် အပြောင်းအရွှေ့ပျက်တော့မလို ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေအရ မန်ယူအသင်းဟာ ဘက်တစ်အသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၉ ဒသမ ၀၆ သန်းနဲ့ ဆုကြေးအပါအဝင် အခြားခံစားခွင့် ပေါင် ၂ ဒသမ ၅၉ သန်း စုစုပေါင်း ၂၁ ဒသမ ၆၅ သန်းရမှာဖြစ်သလို အန်တိုနီရဲ့ အနာဂတ်အပြောင်းအရွှေ့တွေကနေ ၅၀ ရာခိုင်နှုန်း ကိုလည်း ရမှာဖြစ်တယ်လို့ သိရပါတယ်။

အန်တိုနီဟာ ၂၀၂၂ မှာ အေဂျက်ဇ်အသင်းကနေ မန်ယူအသင်း ဆီကို ပေါင် ၈၁ ဒသမ ၃ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ကို ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ အန်တိုနီဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၆၂ ပွဲမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီက ဘက်တစ်အသင်းဆီကို ရာသီဝက်အငှားနဲ့ ရောက်လာပြီးနောက် လာလီဂါ ၂၆ ပွဲမှာ ၉ ဂိုးသွင်းယူ ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။




