၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ရေလွှာလှိုင်းစီးပြိုင်ပွဲကို လက်ခံကျင်းပမယ့် ပြင်သစ်ပိုလီးနီးရှားရဲ့ အကြီးမားဆုံး ကျွန်းစုဖြစ်တဲ့ တာဟီတီမှာ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနား မတိုင်ခင် အိုလံပစ်ရေလွှာလှိုင်းစီး ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲကျင်းပမယ့် တီဟူပိုရွာမှာ ဒေသရိုးရာအကတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
အဲ့ဒီနောက် ဖွင့်ပွဲအခမ်းအနားကို ဒေသရိုးရာဓလေ့နဲ့အညီ ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲဝင်တွေကလည်း ဒေသခံတွေနဲ့အတူ ပျော်ရွှင်စွာကခုန်ပြီးနောက် ဖွင့်ပွဲအခမ်းအနားပြီးဆုံးခဲ့ပါတယ်။
တာဟီတီမှာ ပြုလုပ်တဲ့ ရေလွှာလှိုင်းစီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ပဲရစ်မှာကျင်းပနေတဲ့ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တယ်လို့လည်း သိရပါတယ်။
အိုလံပစ်ပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့ ရေလွှာလှိုင်းစီးပြိုင်ပွဲဝင်တွေဖြစ်တဲ့ ဖီယာရိုနဲ့ ကော်လီဗက်စ်တို့က အနိုင်ရဖို့အတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
ပဲရစ်မြို့နဲ့ ကီလိုမီတာ ၁၆၀၀၀ အကွာမှာရှိတဲ့ တာဟီတီဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ ကမ်းခြေတွေထဲမှာ အကြီးမားဆုံးလှိုင်းလုံးတွေရှိရာနေရာ ဖြစ်တာကြောင့် အိုလံပစ်ရေလွှာလှိုင်းစီးပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။