အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားကြွေးမြီဟာ လျင်မြန်တဲ့နှုန်းထားနဲ့ တိုးမြင့်လာနေပြီး နှေးကွေးသွားမယ့် အရိပ်အယောင်လည်း မရှိတာကြောင့် အရင်က ခိုင်မာတယ်လို့ ယူဆထားတဲ့ အမေရိကန်ဒေါ်လာရဲ့ ရေရှည် တည်တန့်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေကြောင်း China Daily သတင်းစာက ရေးသားဖော်ပြလာ ပါတယ်။

သြဂုတ် ၁၂ ရက်က ထုတ်ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့အစီရင်ခံစာအရ အမျိုးသားကြွေးမြီဟာ ဒေါ်လာ ၃၇ ထရီလီယံကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ မျှော်မှန်းထားတဲ့ကာလထက် ပိုစောပြီး ဒီပမာဏကို ရောက်ရှိ သွားတာပါ။ ၂၀၃၀ ဘဏ္ဍာနှစ် မတိုင်ခင် အမျိုးသားကြွေးမြီဟာ ဒေါ်လာ ၃၇ ထရီလီယံကို မကျော်လွန်နိုင်သေး ဘူးလို့ အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးက ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကာလ အတွင်း အစိုးရငွေချေးယူမှုတွေ မကြုံစဖူးတိုးလာပြီး မကြာသေးခင်က အသုံးစရိတ်တွေ မြင့်တက်လာတာကြောင့် ဒီအခြေအနေကို ခပ်မြန်မြန် ရောက်ရှိသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နယူးယောက်အခြေစိုက် Peter G. Peterson Foundation ရဲ့ CEO ဖြစ်သူ Michael Peterson ကတော့ အမေရိ ကန် အမျိုးသားကြွေးမြီဟာ ယူရိုဇုန်နဲ့တရုတ်ပြည်စီးပွားရေးနှစ်ခုပေါင်းထက် ပိုများနေပြီလို့ ဆိုပါတယ်။ ကြွေးမြီ ဒေါ်လာ ၃၇ ထရီလီယံကို ရောက်ရှိချိန်ကစပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ဒေါ်လာ ဘီလီယံ ၂၀၀ ပိုတိုးလာကာ ၃၇ ဒသမ ၂ ထရီလီယံကို ရောက်ရှိသွားပြီဖြစ်လို့ အမေရိကန်စီးပွားရေးအပေါ် ကြီးကြီးမားမား အန္တရာယ်ကျရောက်နေပြီး အမေရိကန်ဒေါ်လာရဲ့ ယုံကြည်ကိုးစားနိုင်စွမ်းကို ထိခိုက်နိုင်ခြေ ရှိနေပြီလို့ တရုတ် ကျွမ်းကျင်သူတွေက သတိပေးထားတယ်လို့လည်း သိရပါတယ်။




