ချဲလ်ဆီးနဲ့ မန်ယူကွင်းလယ်လူဟောင်း မာတစ်ဟာ စီးရီးအေတန်းတက် ဆက်ဆူအိုလိုအသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ဟောင်း မာတစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန် မှာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

အခုရာသီမှာ စီးရီးအေကို တန်းပြန်တက်လာတဲ့ ဆက်ဆူအိုလိုအသင်းဟာ အတွေ့အကြုံရင့် ကစားသမားဖြစ်တဲ့ မာတစ်ကို ခေါ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ စီးရီအေကလပ် ရိုးမား အသင်းမှာ ကစားခဲ့ဖူးတဲ့ မာတစ်က သူ့ရဲ့အတွေ့အကြုံတွေနဲ့ ဆက်ဆူအိုလိအသင်းကို စီးရီးအေမှာ ဆက်လက် ရပ်တည်ခွင့်ရအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ မာတစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး စီးရီးအေမှာ တစ်ကျော့ပြန်ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဆက်ဆူအိုလိုအသင်းနဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုထားတယ်ဆိုပေမယ့် နောက်ထပ် ၁ နှစ် အလိုအလျောက် သက်တမ်းတိုးဖို့ကိုလည်း သဘောတူညီမှုရှိထားလို့ မာတစ်အနေနဲ့ အသင်းမှာ ၂၀၂၇ အထိ ရှိနေမှာလည်း ဖြစ်ပါတယ်။ စီးရီးအေရာသီအဖွင့်ပွဲမှာ နာပိုလီအသင်းကို ရှုံးနိမ့်ထားတဲ့ ဆက်ဆူအိုလိုအသင်းဟာ ပွဲစဉ် ၂ အဖြစ် လာမယ့် သောကြာညမှာ ခရီမိုနီစီအသင်းအိမ်ကွင်းကို သွားကစားရမှာဖြစ်ပါတယ်။




