ယူကရိန်းသမ္မတဇယ်လန်စကီးဟာ ရုရှားနဲ့နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေးဆောင်ရွက်ခဲ့ပြီး ယူကရိန်းရဲ့ လွတ်လပ် ရေးနေ့ ဆင်နွှဲခဲ့တဲ့ကြားကပဲ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အထိရောက်ဆုံး နည်းလမ်းအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ သြဂုတ် ၂၄ ရက်က ပြောကြားခဲ့တာကို နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းစစ်တပ်တွေဟာ ရုရှားထိန်းချုပ်မှုအောက် ကျရောက်ခဲ့တဲ့ ဒွန်ညက်ဒေသကရွာ ၃ ရွာကို ပြန်လည်သိမ်းယူ ထား ပြီဖြစ်ကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့ပြီး ယူကရိန်းရဲ့လွတ်လပ်ရေးနေ့မှာလည်း ရုရှားကို ဒရုန်း တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာကြောင့် နျူကလီးယားစွမ်းအင်စက်ရုံတစ်ခုအနီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ယူကရိန်း-ရုရှားတွေ့ဆုံဆွေးနွေးပွဲအတွက် တွန်းအားပေးလုပ်ဆောင်ခဲ့ပေမဲ့ သြဂုတ် ၂၂ ရက်က ပူတင်နဲ့ဇယ်လန်စကီး တွေ့ဆုံဆွေးနွေးပွဲကို လတ်တလော လုပ်ဆောင်ဖို့ မရှိကြောင်း ရုရှားဘက်က ပြောဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမဲ့ သမ္မတဇယ်လန်စကီးကတော့ ခေါင်းဆောင်နှစ်ဦးအကြား တရားဝင်တွေ့ဆုံဆွေးနွေးမှုကသာ ရှေ့လျှောက်ပြီး အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ သြဂုတ် ၂၄ ရက်ကလည်း ယူကရိန်းနဲ့ ရုရှားတို့ဟာ စစ်သုံ့ပန်းတွေနဲ့ အရပ်သားပေါင်း ၁၄၆ ယောက်စီ လဲလှယ်ခဲ့ကြပါသေးတယ်။

ယူကရိန်းလွတ်လပ်ရေးရရှိမှု နှစ်ပတ်လည်နေ့အခမ်းအနားမှာ သမ္မတဇယ်လန်စကီးက ယူကရိန်းဟာ အပြည့်အဝအနိုင် မရသေးပေမဲ့ ကျိန်းသေပေါက် ရှုံးနိမ့်မှာမဟုတ်ကြောင်းကို အမေရိကန်နဲ့ဥရောပက သဘောတူလက်ခံထားပြီဖြစ် ကြောင်းနဲ့ ယူကရိန်းဟာ ရှုံးနိမ့်သူမဟုတ် အနိုင်မခံအရှုံးမပေး တိုက်ခိုက်သူသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ဒီစစ်ပွဲပြီးဆုံးတာနဲ့ ပြည်ပတပ်တွေ ယူကရိန်းနိုင်ငံထဲ တပ်စွဲထားရေးဟာ အရေးပါလာမှာဖြစ်ကြောင်းနဲ့ မဟာမိတ်နိုင်ငံ တွေနဲ့ လုံခြုံရေးအာမခံချက်တွေ ရရှိဖို့ ကြိုးစားနေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းမှာ အနောက်နိုင်ငံစစ်တပ်တွေ တပ်စွဲတာကို အထပ်ထပ်အခါခါ ကန့်ကွက်ခဲ့ပြီး ဖြစ်ပါတယ်။ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်က တိုက်ခိုက်သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဒေသအပါအဝင် ယူကရိန်းနိုင်ငံရဲ့ ၅ ပုံ ၁ ပုံ ကို ထိန်းချုပ်ထားပြီး ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနဲ့အနောက်နိုင်ငံတွေရဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး တောင်းဆို မှုတွေကို အကြိမ်ကြိမ်အခါခါ ငြင်းပယ်ထားပါတယ်။



