NBA ဘတ်စကက်ဘော ဂန္ထဝင်ကစားသမားတွေဖြစ်ကြတဲ့ မိုက်ကယ်ဂျော်ဒန်နဲ့ ကိုဘီဘရိုင်ယန်တို့ လက်မှတ် ပါတဲ့ ဘတ်စကက်ဘောကတ်ကို လေလံတင်ရာမှာ အမည်မဖော်လိုသူတစ်ယောက် ပေါင် ၉ သန်းခွဲနဲ့ ဝယ်သွား ပါတယ်။

ဒါဟာ အားကစားလောကရဲ့ အမှတ်တရကတ်တွေ ရောင်းချရမှုထဲ စံချိန်တင်ဈေးလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Heritage Auctions မှာ ဒီကတ်ကို လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး ဒီကတ်ဟာ အရင်ပိုင်ရှင်လက်ထဲမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီးနောက် ပေါင် ၄ သန်းကျော်ရဖို့ မျှော်လင့်ချက်နဲ့ အခုလိုလေလံတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် လေလံပွဲမှာ စုစုပေါင်း လေလံ ၈၂ ခုအထိ လက်ခံရရှိခဲ့ပြီး မူလမျှော်လင့်ထားတဲ့ ဈေးရဲ့ ၂ ဆကျော်နဲ့ ရောင်းချလိုက်ရတာဖြစ်ပါတယ်။

အခုရောင်းချရမှုဟာ ၂၀၂၂ ခုနှစ် တုန်းက ပေါင် ၉ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့ရတဲ့ မေဂျာလိဂ်ဘေ့စ်ဘောကစားသမား မစ်ကီမန်တဲလ်ရဲ့ ကတ်ကို ကျော်ဖြတ်ပြီး ဈေးအများဆုံးဖြစ်ခဲ့တာပါ။ ဂျော်ဒန်-ဘရိုင်ယန် ကတ်ဟာ အားကစားပစ္စည်း လေလံရောင်းချမှု သမိုင်းမှာတော့ ဒုတိယဈေးအကြီးဆူံးဖြစ်ခဲ့ပြီး ၂၀၂၄ ဩဂုတ်လမှာ ပေါင် ၁၈ ဒဿမ ၁ သန်းနဲ့ ရောင်းချခဲ့ရတဲ့ အမေရိကန်ဘေ့စ်ဘော ဂန္ထဝင် ဘာဘီရုသ်ရဲ့ ဂျာစီက ဈေးအကြီးဆုံးဖြစ်နေပါတယ်။




