ချဲလ်ဆီးအသင်းဟာ ကစားသမား ၂ ဦးဖြစ်တဲ့ ချူကူမီကာနဲ့ အန်ဆယ်မီနိုတို့ကို ဒေါ့မွန်အသင်းနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ဂျာမနီ နိုင်ငံကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။အသက် ၂၁ နှစ်အရွယ် ချူကူမီကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယရာသီဝက်ကို ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး ပေါင် ၂၄ သန်းနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ချူကူမီကာအတွက် သဘောတူညီချက်ထဲမှာ အနာဂတ်ရောင်းချရမှု ကနေ ချဲလ်ဆီးအသင်း အကျိုးခံစားခွင့်ရမယ့် သဘောတူညီချက်လည်း ပါတယ်လို့ သိရပါတယ်။ ချူကူမီကာကို ဒေါ့မွန်အသင်းရဲ့ ဘွန်ဒက်စ်လီဂါပြိုင်ဘက် လိုက်ပ်ဇစ်အသင်းကလည်း စိတ်ဝင်စား ခဲ့ပေမယ့် ကစားသမားက ဒေါ့မွန်အသင်းဆီကိုသာ ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ချူကူမီကာကို ရောင်းချရမှုအပါအဝင် အခုနွေရာသီမှာ ကစားသမားရောင်းချရမှုကနေ ပေါင် ၂၇၃ သန်းကျော်ပြန်လည်ရရှိမှာဖြစ်လို့ နွေရာသီ အသုံးစားရိတ်ကို ပြန်ပြီးတော့ ကာမိစေခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနား နောက်ခံလူ အန်ဆယ်မီနိုကိုလည်း ဒေါ့မွန်အသင်းဆီ တစ်ရာသီအငှားနဲ့စေလွှတ်ဖို့ကို သဘောတူ ထားပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့အချက်တော့ မထည့်သွင်းထားဘူးလို့ သိရပါတယ်။ အသက် ၂၀ အရွယ် အန်ဆယ်မီနိုအနေနဲ့ ကစားသမားဘဝ တိုးတက်ရေးအတွက် ပုံမှန်ပွဲကစားခွင့်ရနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ လိုအပ်တယ် လို့ နည်းပြမာရက်စ်ကာက ပြောထားလို့ အခုလိုမျိုး ဒေါ့မွန်အသင်းဆီကို အငှားနဲ့ သွားကစားမှာ ဖြစ်ပါတယ်။




