အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာတာကြောင့် ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၆ သိန်းနီးပါးကို အရေးပေါ် ပြောင်းရွှေ့ပေးနေရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။တိုင်ဖွန်း တာဂျီကီဟာ တောင်တရုတ်ပင်လယ်ထဲမှာ အနောက်ဘက်ကို တဖြည်းဖြည်း ဦးတည် ရွေ့လျားရင်း ဗီယက်နမ် အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်နေပါတယ်။ မုန်တိုင်းဟာ တဖြည်းဖြည်း အားပိုကောင်းလာပြီး ဩဂုတ် ၂၄ ရက် ညပိုင်းက တစ်နာရီ လေတိုက်နှုန်း ၁၆၆ ကီလိုမီတာအထိ ပြင်းထန်နေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ဗီယက်နမ် အလယ်ပိုင်းမှာရှိတဲ့ သန်ဟိုအာ၊ ကွမ်ထရီ၊ ဟူးနဲ့ ဒါနန်း ပြည်နယ်တွေမှာတော့ မုန်တိုင်း မတိုင်ခင် အရေးပေါ်ရွှေ့ပြောင်းကြဖို့ လူပေါင်း ၅၈၆၀၀၀ ကို အရေးပေါ် အသိပေးထားပါတယ်။ မုန်တိုင်း ဖြတ်သန်းမယ့် လမ်းကြောင်းမှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်နားထားစေပြီး လှေတွေကိုလည်း ပင်လယ်ပြင် မထွက်ဘဲ ကမ်းကပ်ထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ ဗီယက်နမ်အပြင် လာအို၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို သက်ရောက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ တရုတ်ရဲ့ ဟိုင်နန်ကျွန်းမှာတော့ သည်းသည်းမည်းမည်း မိုးရွာသွန်းတာတွေ ကြုံနိုင်ကြောင်း သတိပေး ကြေညာထားပြီး ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်မှုများတဲ့ နေရာတွေ၊ အများပြည်သူ အသုံးပြုတဲ့ ပို့ဆောင်ရေး စနစ်တွေ၊ ရုံးတွေကို ပိတ်ထားဖို့ ညွှန်ကြားထားပြီး လူ ၂၀၀၀၀ လောက်ကိုလည်း ကြိုတင်ရွှေ့ပြောင်းထား စေပါတယ်။
တိုင်ဖွန်း တာဂျီကီဟာ ဩဂုတ် ၂၅ ရက်မှာ ဗီယက်နမ် ကမ်းရိုးတန်းကို စတင်ဖြတ်သန်း ဝင်ရောက်မှာဖြစ်ပြီး အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၁၈၀ ကီလိုမီတာလောက်ထိ ပြင်းထန်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်းတွင်း ဝင်ရောက်ပြီးတာနဲ့ အားပျော့သွားမှာ ဖြစ်ပေမဲ့ ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ လွန်လွန် ကဲကဲ မိုးသည်းထန်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

ဒါ့အပြင် မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းရိုးတန်း ဧရိယာတွေဆီကို ၁၃ ပေလောက်ထိမြင့်တဲ့ လှိုင်းတွေ ရိုက်ခတ် နိုင်ခြေ ရှိတယ်လို့လည်း ကြေညာထားပါတယ်။ အခြေအနေက အရမ်းစိုးရိမ်ရပြီး အလေးထား ကိုင်တွယ်တုံ့ပြန်ဖို့ လိုအပ်ကြောင်း၊ ဒီမုန်တိုင်းမျိုးဟာ အဆောက် အအုံတွေ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလည်ပတ်မှုတွေ၊ ငါးဖမ်း လုပ်ငန်းတွေအတွက် ဘာတစ်ခုကိုမှ မလုံခြုံ နိုင်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက AFP သတင်း ဌာနကို ပြောကြားခဲ့ပါတယ်။ ဗီယက်နမ် လေကြောင်းလိုင်းကလည်း ဩဂုတ် ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ နိုင်ငံအလယ်ပိုင်း မြို့တွေနဲ့ အသွားအပြန် လေယာဉ်ခရီးစဉ် ၂၂ ခုကို ဖျက်သိမ်း ထားကြောင်း အတည်ပြုထားပါတယ်။




