ရီးရဲလ်အသင်းဟာ ပြင်သစ်ဘယ်နောက်ခံလူ ဖာလန် မန်ဒီနဲ့ ၂၀၂၇ ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ် မန်ဒီဟာ ၂၀၁၉ မှာ ပြင်သစ်ကလပ် လိုင်ယွန် အသင်းကနေ ရီးရဲလ်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ၅ နှစ်တာကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၆၉ ပွဲအထိ ကစားပေးထားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်နည်းပြ အန်ဆလော့တီ သဘောကျတဲ့ ကစားသမားလည်းဖြစ်တဲ့ မန်ဒီရဲ့ စာချုပ်က ၁ နှစ်သာ ကျန်တော့တာဖြစ်လို့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ ဒေးဗီးစ်ကို ခေါ်ယူရေးကြိုးစားနေမှုက အခုနွေရာသီမှာ ဖြစ်ပေါ်လာနိုင်ဖွယ်မရှိဘဲ လာမယ့်နှစ် နွေရာသီမှသာ ဖြစ်လာနိုင်ဖွယ်ရှိနေတာကြောင့် ရီးရဲလ်အသင်းက မန်ဒီကို စာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
ရီးရဲလ်အနေနဲ့ မန်ဒီကို စာချုပ်သက်တမ်းပြည့်ချိန်မှာ အလိုအလျောက် တစ်နှစ်သက်တမ်းတိုးခွင့်ကိုလည်း သဘောတူညီမှု ရထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မန်ဒီဟာ ရီးရဲလ်နဲ့ လာလီဂါချန်ပီယံဆု ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ဥရောပစူပါဖလား ၁ ကြိမ်အပါအဝင် အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။