ရုရှားဟာ ဒရုန်း ၅၇၄ စင်းနဲ့ ဒုံးကျည် ၄၀ စင်းကို အသုံးပြုပြီး ဩဂုတ် ၂၁ ရက်က ယူကရိန်းကို အပြင်းထန်ဆုံး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါ တယ်။ဒါဟာ သီတင်းပတ်တွေအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတိုက်ခိုက်မှုမှာ နိုင်ငံအနောက်ပိုင်းက Lviv မြို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လူတစ် ယောက် သေဆုံးခဲ့ကာ အနောက်တောင်ဘက် Transcarpathia ဒေသကို တိုက်ခိုက်မှုမှာတော့ လူ ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ဇူလိုင်လ နောက်ပိုင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါ တယ်။

ရုရှားရဲ့တိုက်ခိုက်မှုတွေဟာ နိုင်ငံအရှေ့ပိုင်းဒေသ ရှေ့တန်းနဲ့ နီးတဲ့နေရာတွေကို အဓိကထား တိုခိုက်မှု ရှိပေမယ့် အခု နောက်ဆုံးတိုက်ခိုက်မှုတွေကတော့ နိုင်ငံအနောက်ပိုင်းဒေသတွေကိုပါ ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။လူတစ်ယောက်သေဆုံးခဲ့တဲ့ အနောက်ပိုင်း Lviv ဒေသမှာ လူသုံးယောက် ထပ်မံဒဏ်ရာရခဲ့ပြီး လူနေအိမ်နဲ့ ကလေးထိန်းကျောင်း အပါအဝင် အရပ်သား အဆောက်အအုံ ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲရပ်တန့်ဖို့ သံတမန်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်နေချိန်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေ “အလွန်အရေးကြီး ကြောင်း”ကို အခုတိုက်ခိုက်မှုတွေက မီးမောင်း ထိုးပြနေတာလို့ ပြောပါတယ်။

သမ္မတ ဇယ်လန်စကီးကတော့ ရုရှားသမ္မတ ပူတင်နဲ့ ကြားနေ ဥရောပနိုင်ငံတစ်ခုမှာ တွေ့ဆုံဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းနဲ့ ဆွစ်ဇာလန် ဒါမှမဟုတ် ဩစတြီးယားကို အဆိုပြုထားပြီး အစ္စတန်ဘူလ်မှာ တွေ့ဆုံမယ်ဆိုလည်း မဆန့်ကျင်ဘူးလို့ ပြောကြား ထားပါတယ်။တိုက်ရိုက်ဆွေးနွေးမှု ဖြစ်နိုင်ခြေဟာ ထရမ့်က ပူတင်နဲ့ အလက်စကာ ဆွေးနွေးတာနဲ့ တနင်္လာနေ့က ဇယ်လန်း စကီးနဲ့ ဥရောပခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတာတွေ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် ယူကရိန်း အရှေ့ပိုင်းက Donbas (ဒွန်ဘတ်စ်)ဒေသ အများစုကို ရုရှားက သိမ်းပိုက်ထားပြီး Luhansk (လူဟန့်စ်ခ်)နဲ့ Donetsk (ဒိုနက်စ်ခ်)တို့လည်း ပါဝင်ပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်းပိုင်နက် ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။




