ထရမ့်က ရုရှားဆီကနေ ရေနံဝယ်ယူနေတဲ့ အိန္ဒိယကို အခွန်ထပ်တိုးကောက်ခံမယ်ဆိုတဲ့ ရာဇသံပေးမှုတွေကြောင့် အိန္ဒိယကတော့ လက်ရှိမှာ ရေနံဝယ်လိုအားတွေ ကျဆင်းသွားခဲ့ပေမဲ့ တရုတ်ကတော့ ထရမ့်ရဲ့ခြိမ်းခြောက်မှုတွေ ကို ဂရုမစိုက်ဘဲ ရုရှားဆီကနေ ရေနံဝယ်ယူမှုတွေ တိုးမြင့်နေတယ်လို့ CNN သတင်းမှာ ပါရှိပါတယ်။

လာမယ့်အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ တရုတ်ဟာ ရုရှားဆီကနေ ရေနံကုန်စည် သယ်ဆောင်လာတဲ့ ကား ၁၅ စီး ပိုမိုဝယ်ယူသွားမှာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ထရမ့်အပြင် အနောက်နိုင်ငံတွေကလည်း သတိပေးခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတဲ့ကြားကပဲ တရုတ်က အတင့်ရဲပြီး ရုရှားရေနံဝယ်ယူမှု တိုးမြှင့်လာတာကလည်း ရုရှားနဲ့ ချစ်ကြည်မှုကို ပိုမိုဖော်ဆောင်နေတဲ့ သဘောထားတွေကို ပြသနေတာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်နောက်ပိုင်း တရုတ်နဲ့ အိန္ဒိယတွေက ရုရှားဆီကနေ ရေနံ အများဆုံးဝယ်ယူတဲ့ ထိပ်တန်းနိုင်ငံတွေ ဖြစ်လာကြတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ထရမ့်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လာတဲ့အပြင် ရုရှားမဟာမိတ်နိုင်ငံတွေကိုလည်း မြင့်မားတဲ့အခွန်စည်းကြပ်မှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။“ရုရှားရေနံစိမ်းတွေ အိန္ဒိယဝယ်ယူနေတာဟာ မော်စကိုရဲ့ ယူကရိန်းစစ်ပွဲကို ငွေကြေးထောက်ပံ့နေတာဖြစ်တဲ့ အတွက် ရပ်တန့်ရမယ်”လို့ အိမ်ဖြူတော်ရဲ့ ကုန်သွယ်ရေးဆိုင်ရာအကြံပေး ပီတာနာဗာရိုက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “အိန္ဒိယဟာ ရုရှားနဲ့ တရုတ်နှစ်နိုင်ငံစလုံးနဲ့ အခုဆိုရင် ပေါင်းနေတယ်”လို့လည်း ဆက်လက်ပြောကြားခဲ့ ပါတယ်။




