ဘရာဇီးကလပ် ဖလူမီးနီးစ်အသင်း ဂိုးသမား ဖေဘီယိုဟာ အင်္ဂလန်ဂန္ထဝင်ဂိုးသမား ပီတာရှီလ်တန်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ဘောလုံးသမိုင်းမှာ ပွဲအများဆုံးကစားထားတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်လိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဘရာဇီးဂိုးသမား ဖေဘီယိုဟာ ကိုပါဆူဒါမာရီကာနာ ဖလား ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ပွဲဖြစ်တဲ့ ကာလီအသင်းကို အနိုင်ရတဲ့ပွဲမှာ ပြိုင်ပွဲအသွင်ပွဲပေါင်း ၁၃၉၁ ပွဲမြောက်အဖြစ် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၇ မှာ ပရိုကစားသမားဘဝ စတင်ခဲ့တဲ့ ဖေဘီယိုဟာ သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကို ဘရာဇီးမှာပဲ ဖြတ်သန်းခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော ဖလူမီးနီးစ်အသင်းနဲ့ ကစားသမာဘဝ ဖြတ်သန်းနေ တာဖြစ်ပါတယ်။ ဖေဘီယိုဟာ ဘန်ဒီရန်တီ အသင်းအတွက် ပွဲ(၃၀) ကစားပေးခဲ့သလို ဗက်စ်ကိုဒဂါးမားအသင်း အတွက် ပွဲပေါင်း (၁၅၀)၊ ခရူဇီယိုအသင်းအတွက် (၉၇၆)ပွဲနဲ့ လက်ရှိကလပ် ဖလူမီးနီးစ်အသင်းအတွက် (၂၃၅) ပွဲ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ အင်္ဂလန်ဂန္ထဝင်ဂိုးသမား ရှီလ်တန်က ပွဲပေါင်း ၁၃၉၀ နဲ့ ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းဝင်ထားပြီး အခုအခါမှာ ဖေဘီယိုက စံချိန်သစ်တင် လိုက်တာ ဖြစ်ပါတယ်။ အခုလိုစံချိန်သစ်တင်လိုက်နိုင်ပေမယ့် ဖေဘီယိုဟာ ၁၉၉၇ ခုနှစ်က ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးကိုယ်စားပြုခွင့်ရခဲ့ပေမယ့် ဘရာဇီးလက်ရွေးစင်အသင်းအတွက် တစ်ခါမှကိုယ်စားပြုခွင့်မရခဲ့ တာကတော့ ပြောစရာဖြစ်ခဲ့ပါတယ်။




