၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို ဇူလိုင်လ ၂၅ ရက် ညက စတင်ကျင်းပခဲ့ရာမှာ လက်ရှိချန်ပီယံ ကနေဒါအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းတို့ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။
နယူးဇီလန်အသင်း လေ့ကျင့်ရေးကွင်းပေါ် ကနေဒါအသင်းရဲ့ ဒရုန်းတွေ ပျံသန်းခဲ့မှုကြောင့် အခုပွဲမတိုင်ခင်ကတည်းက စိတ်ဝင်စားမှု မြင့်တက်ခဲ့တာဖြစ်ပြီး ပွဲကစားချိန်မှာလည်း နယူးဇီလန်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ကနေဒါအသင်း နောက်က လိုက် ကစားခဲ့ရတာပါ။
ဒါပေမဲ့ ကနေဒါအသင်းက ပထမပိုင်းပြီးကာနီးမှာ ချေပဂိုးနဲ့ ပွဲချိန်ဒုတိယပိုင်းမှာ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့လို့ အုပ်စု အဖွင့်ပွဲမှာ ရမှတ် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စု(စီ)ရဲ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ဂျပန်အသင်းတို့ ပွဲကလည်း အကြိတ်အနယ်ရှိခဲ့သလို ဂျပန်အသင်းက ပွဲအစ ၁၃ မိနစ်မှာပဲ ဖူဂျီနိုရဲ့ လှပတဲ့ ဖရီးကစ် ကနေ ဦးဆောင်ဂိုး စရခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ချန်ပီယံ စပိန်အသင်း က ပုံစံကောင်းနဲ့အတူ ဂျပန်အသင်းကို ဖိအားပြန်ပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာပဲ ဘွန်မာတီက ချေပဂိုး ပြန်သွင်း နိုင်ခဲ့သလို ပွဲချိန် ဒုတိယပိုင်းမှာ ကယ်ဒန်တီက စပိန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု(အေ)မှာ ကနေဒါနဲ့ အိမ်ရှင်ပြင်သစ်အသင်းတို့က ၃ မှတ်စီနဲ့ ဦးဆောင်နေသလို အုပ်စု(စီ)မှာ စပိန်နဲ့ ဘရာဇီးအသင်းတို့က ရမှတ် ၃ မှတ်စီနဲ့ ဦးဆောင်နိုင်ခဲ့ကြပါတယ်။