မန်ယူတိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်း အားကစားဒါရိုက်တာ တာရီက ဩဂုတ်လ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲအတွက် လူစာရင်းကနေ ချန်လှပ်ခြင်းခံထားရပြီးနောက် အနာဂတ်ပိုမိုလှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။

မန်ယူနည်းပြ အမိုရင်ကတော့ အသင်းရဲ့ လူစာရင်းအခြေအနေအရ ဟွိုက်လန်းကို ချန်ထားခဲ့ရတာဖြစ်တယ်လို့ ဖြေရှင်းထား ပေမယ့် တစ်ဖက်မှာ အီတလီကို ဟွိုက်လန်းပြန်ရောက်ဖွယ်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြနေကြပါတယ်။ အသက် ၂၂ နှစ်အရွယ် ဟွိုက်လန်းဟာ မန်ယူအသင်းကို တိုက်စစ်မှူး ဆက်စ်ကို ရောက်လာပြီးနောက် ပွဲထွက်ခွင့် ရဖို့ ပိုမိုရုန်းကန်လာရဖွယ်ရှိနေပြီး ပုံမှန်ကစားခွင့်ရနိုင်မယ့် အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

ဘာရီအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအီတလီယာ ပွဲစဉ်အပြီး အင်တာဗျူးမှာ အေစီမီလန်အသင်း အားကစားဒါရိုက်တာ တာရီက ဟွိုက်လန်းရဲ့အခြေအနေကို အခုရက်ပိုင်းမှာ အကဲဖြတ်စောင့်ကြည့်နေပြီး အပြောင်းအရွှေ့ဆိုတာမျိုးက မှန်းဆရခက်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ဟွိုက်လန်း အပြင် ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြ ပါတယ်။




