တရုတ်ဟာ သိပ္ပံနဲ့နည်းပညာနယ်ပယ်က နိုင်ငံခြားသားလူငယ်ပညာရှင်တွေအတွက် K ဗီဇာလို့ခေါ်တဲ့ ဗီဇာအသစ်တစ်မျိုးကို မိတ်ဆက်ပေးမယ်လို့ ကြေညာခဲ့တာကို China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဗီဇာအမျိုးအစားသစ်ကို တရုတ်ဝန်ကြီးချုပ်လီချန်းက နိုင်ငံခြားသားအဝင်အထွက်စီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး နိုင်ငံရဲ့စည်းမျဉ်းတွေကို ပြင်ဆင်ဖို့အတွက် လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ K ဗီဇာဟာ သာမန်ဗီဇာ အမျိုးအစားတွေထဲ အသစ်ပေါင်းထည့်လိုက်တဲ့ ဗီဇာဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှာ စည်းမျဉ်းအသစ်တွေ အသက်ဝင်လာမှာ ဖြစ်ပါတယ်။K ဗီဇာလျှောက်ထားသူတွေဟာ သြဇာတိက္ကမကြီးတဲ့တက္ကသိုလ်တွေ ဒါမှမဟုတ် သုတေသနအဖွဲ့အစည်းတွေ ကနေ ဘွဲ့ရထားတဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာနယ်ပယ်တွေက နိုင်ငံခြားသား လူငယ်ပညာရှင်တွေ ဖြစ်ရမှာပါ။

K ဗီဇာကိုင်ဆောင်ထားသူတွေအနေနဲ့ ပညာရေး၊သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍမျိုးတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရမှာဖြစ်ပါတယ်။ တခြားဗီဇာတွေနဲ့ယှဉ်ရင် K ဗီဇာကိုင်ဆောင်သူတွေဟာ ဝင်ခွင့်အကြိမ်ရေ၊ သက်တမ်းကာလနဲ့ နေထိုင်ခွင့်ကြာချိန်တွေမှာ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ K ဗီဇာ လျှောက်ထားခွင့်ရှိသူတွေ ကိုတော့ လျှောက်ထားသူရဲ့အသက်အရွယ်၊ ပညာရေးနောက်ခံနဲ့ အလုပ်အတွေ့အကြုံတွေပေါ် အခြေခံသတ်မှတ် ထားပြီး တရုတ်နိုင်ငံမှာနေထိုင်တဲ့ အလုပ်ရှင် ဒါမှမဟုတ် ဖိတ်ခေါ်တဲ့အဖွဲ့အစည်း ရှိစရာမလိုဘူးလို့ သိရပါတယ်။




