ဒီမိုကရေစီကို ကယ်တင်ဖို့ သူ့ရဲ့ပုဂ္ဂိုလ်ရေးရည်မှန်းချက်ပန်းတိုင်က မရောက် နိုင်ဘဲ မျိုးဆက်သစ်ကို မီးရှူးတိုင် လွှဲအပ်ဖို့ အချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၂၄ ရက်က အိမ်ဖြူ တော်ရဲ့ ဘဲဥပုံရုံးခန်းကနေ နိုင်ငံကို မိန့်ခွန်းပြောကြားရာမှာ ဒီမိုကရက်တစ်ပါတီနဲ့ နိုင်ငံကို ပေါင်းစည်းဖို့ သူ သမ္မတပြန်အရွေးခံရေး ခြေလှမ်းတွေကို အဆုံးသတ်လိုက်တယ်လိုလည်း ပြောပါတယ်။
လတ်ဆတ်တဲ့ အသံတွေနဲ့ ငယ်ရွယ်သူတွေအတွက် အချိန်နဲ့ နေရာရောက်နေပြီလို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဘိုင်ဒန်ဟာ သီတင်းပတ်များစွာကြာအောင် ဖိအားတွေ အပေးခံခဲ့ရပြီးနောက် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ်က နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ ဒုတိယသမ္မတ ကမာလာဟဲရစ်ကို ထောက်ခံခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့ ၁၁ မိနစ်ကြာမိန့်ခွန်းမှာ ထရမ့်နာမည်ကို မဖော်ပြပေမယ့် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ထရမ့်နိုင် ရင် အမေရိကန်နိုင်ငံသားတွေ ရင်ဆိုင်ရမယ့်အန္တရာယ်ကို ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။
ဗီယက်နမ်စစ်ပွဲကို ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ အဝေဖန်ခံရတဲ့ လင်ဒန်ဂျွန်ဆင်က ၁၉၆၈ ခုနှစ်မှာ မဲဆွယ်စည်းရုံးမှုကနေ ရုတ်တရက် နုတ်ထွက်ပြီးနောက်ပိုင်း ဘိုင်ဒန်ဟာ ပြန်အရွေးခံဖို့ မကြိုးစားတော့တဲ့ ပထမဆုံး ရာထူးလက်ရှိသမ္မတ ဖြစ်လာ ပါတယ်။