Fighter Only မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၇)ကြိမ်မြောက် World MMA Awards ဆုမှာ ထည့်သွင်းချီးမြှင့်မယ့် ဆုတွေအနက် ဆုနှစ်ခုရဲ့ ပဏာမ စာရင်းမှာ မြန်မာဖိုက်တာ ဂျိုရှုအာဗန် ပါဝင်နေတယ်လို့ Fighter Only မဂ္ဂဇင်းက သိရပါတယ်၊၊အခုနှစ်အတွင်းမှာ UFC စင်မြင့်မှာ နာမည်ရလာတဲ့ ဂျိုရှုအာဗန်ဟာ တစ်နှစ်တာအကောင်းဆုံး ဆုစာရင်းရဲ့ ပဏာမ စာရင်းမှာ ပါဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ဂျိုရှုအာဗန်ဟာ Breakthrough Fighter Of The Year ဆု နဲ့ Fighter Of The Year ဆုတွေရဲ့ ပဏာမစာရင်းမှာ ပါဝင်လာတာဖြစ်ပြီး ဇွန် ၂၈ ရက်က နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ဘရန်ဒန် ရွိုင်ဗယ် နဲ့ UFC-317 ပြိုင်ပွဲမှာ ပွဲစဉ်ရဲ့ Fight Of The Year ဆုစာရင်းမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်၊၊အခု ရွေးချယ်ခံရမယ့် Breakthrough Fighter Of The Year ဆုစာရင်းမှာ ဂျိုရှုအာဗန်ဟာ တခြားကစားသမား ၄ ယောက်နဲ့အတူ ပါဝင်လာတာဖြစ်ပါတယ်၊၊ဂျိုရှုအာဗန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၅ ပွဲ ထိုးသတ်ထားပြီး ၁၃ ပွဲအထိ အနိုင်ရရှိထားသူဖြစ်ကာ UFC နဲ့ ၂၀၂၃ ခုနှစ်မှာ စတင်လက်တွဲကာ ၈ ပွဲ ထိုးသတ်ရာမှာ ၇ ပွဲအထိ အနိုင်ရထားသလို အခုနှစ်အတွင်း ဖလိုင်းဝိတ်(Fly Weight)တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲကို ထိုးသတ်ခွင့်ရရှိထားသူ ဖြစ်ပါတယ်၊၊

World MMA Awards ဆုတွေဟာ ဘက်စုံကိုယ်ခံပညာသုံး MMA ဖိုက်တာတွေအတွက် ဂုဏ်သိက္ခာမြှင့်မားတဲ့ဆု ဖြစ်ပြီး အခုနှစ်မှာ ဆုအမျိုးအစား စုစုပေါင်း ၂၃ ခုအထိ ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုတွေကိုတော့ ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ထိုးသတ်ခဲတဲ့ ပွဲတွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် မူတည်ကာ ဆုအမျိုးအစားအလိုက် ဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်တာ ဖြစ်တယ် လို့ သိရပါတယ်၊၊ ဒါ့အပြင် ၂၀၁၈ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ World MMA Awards ဆုမှာ မြန်မာဖိုက်တာတစ်ယောက် ဖြစ်တဲ့ အောင်လ အန်ဆန်ဟာ International Fighter Of The Year ဆုကို ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်၊၊



