ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေအတွက် ခရိုင်ဒေသ ၄ ခုမှာ သက်သေခံလက်မှတ်(Certificates of Identity – CI) ထုတ်ပေးတဲ့စခန်းတွေ ဖွင့်လှစ်ပြီး CI စာအုပ်တွေ ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။သက်သေခံလက်မှတ်(CI)ထုတ်ပေးတဲ့ စခန်းတွေကို ဩဂုတ်လ ၅ ရက်ကနေ နိုဝင်ဘာလ ၅ ရက်အထိ ၃ လကြာ ဖွင့်လှစ်ပေးသွားမှာပါ။

CI ထုတ်ပေးတဲ့ စခန်းတွေကို ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)၊ ထိုင်းအလယ်ပိုင်း စမွတ်ပရာ ကန်ခရိုင်၊ ထိုင်းမြောက်ပိုင်း ချင်းမိုင်နဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွေမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ထိုင်း အစိုးရက CI စာအုပ်အတွက် ကုန်ကျစရိတ်ကို ဘတ် ၂၆၇၀ သတ်မှတ်ထားပြီး CI စာအုပ် ပြုလုပ်မဲ့ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ သက်ဆိုင်ရာ CI စခန်းတစ်ခုမှာ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်ရမယ်လို့ သိရပါတယ်။ထိုင်းအစိုးရက CI စာအုပ်အတွက် ကုန်ကျစရိတ်ကို သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ စုစုပေါင်း ဘတ် ၅၀၀၀ ကနေ ၆၀၀၀ ကြား ကုန်ကျနိုင်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းမှာ အထောက်အထားမဲ့နေထိုင်နေတဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို CI ထုတ်ပေးတဲ့အတွက် အလုပ် သမားတွေဟာ ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ လုပ်ခလစာ၊ ဥပဒေမှာပါတဲ့ အကျိုးခံစားခွင့်၊ အလုပ် လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်တွေ အပါအဝင် ထိုင်းဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။အဲဒီအပြင် တရားဝင်လမ်းကြောင်းကနေတစ်ဆင့် မိသားစုဆီကို ငွေလွှဲပို့နိုင်မှာဖြစ်ပြီး လေယာဉ်စီးနင်းခွင့်တွေ အပါအဝင် လေကြောင်းကနေတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့် စတဲ့ အကျိုးခံစားခွင့်တွေ ရရှိမယ်လို့ သိရပါတယ်။




