ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဝါခေါင်လအတွင်း ကျင်းပကြတဲ့ (၄၆ ကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ဩဂုတ် ၃ ရက်က ကျင်းပခဲ့ကြပါတယ်။ချည်ဖြူဖွဲ့ ပွဲတော်ကိုတော့ ကရင်ပြည်နယ်ရှိ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့နဲ့ ကရင်တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာပါ။

ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ စာပေတွေ ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့နဲ့ မြတ်နိုးတန်ဖိုးထားတတ်စေဖို့အတွက် ပွဲတော်ကျင်းပရေး အသင်းအဖွဲ့အစည်းတွေက ဟောပြောတာတွေ ပြုလုပ်ကြပြီး ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာစာတမ်းတွေကို မြန်မာဘာသာ ၊ ကရင်ဘာသာတွေနဲ့ ကရင်တိုင်းရင်း သား လူငယ်မောင်မယ်တွေက ဖတ်ကြားတာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

အဲဒီအပြင် ပွဲတော်တက်ရောက်ကြသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချည်ဖြူဖွဲ့တာ၊ ဆုတောင်းမေတ္တာ ပို့သတာနဲ့ ကရင်တိုင်းရင်းသား လူငယ်မောင်မယ်တွေရဲ့ ကရင်ရိုးရာ တေးသီချင်းတွေ၊ စည်လုံးညီညွတ်ခြင်း တေး သီချင်းတွေနဲ့ ကပြဖျော်ဖြေတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။



