နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဟာတိုကို အေဂျက်ဇ်အသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ ချဲလ်ဆီးအသင်း သတင်းထုတ်ပြန်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုက ပြီးခဲ့တဲ့ တစ်ပတ်ထဲက လန်ဒန်ကို ရောက်နေခဲ့တာဖြစ်ပြီး ဆေးစစ်မှုခံယူပြီးနောက် ချဲလ်ဆီးအသင်းနဲ့ ၇ နှစ်သက်တမ်း ရှိတဲ့စာချုပ်ကိုချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးရဲ့ အခုနွေရာသီ ၈ ယောက် မြောက် ကစားသမားသစ်လည်းဖြစ်တဲ့ ဟာတိုက ချဲလ်ဆီးအသင်းကို ရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်ရသလို ကစားသမားကောင်းတွေနဲ့ တွဲကစားခွင့်ရမယ့်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်လို့ ပြောသွားပါတယ်။ အေဂျက်ဇ် အကယ်ဒမီထွက် ဟာတို ဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ အေဂျက်ဇ်အသင်းကြီးအတွက် စတင် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဗဟိုနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိတဲ့ ဟာတိုက အသက် ၁၇ နှစ်အရွယ်မှာပဲ အေဂျက်ဇ်အသင်းခေါင်းဆောင်ဖြစ်လာသလို အေဂျက်ဇ်အတွက် ပွဲပေါင်း ၁၁၁ ပွဲကစားပေးထားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကဘယ်ခြမ်းခံစစ်မှာ တောက်လျှောက် ကစားပေးခဲ့တဲ့ စပိန်နောက်ခံလူ ကူကူရယ်လာကို စိန်ခေါ်နိုင်ဖို့အတွက် ဟာတိုကို ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။ ဟာတိုအပါအဝင် အခုနွေရာသီမှာ ကစားသမား ၈ ယောက်အတွက် ချဲလ်ဆီးအသင်း အသုံးစားရိတ် ကလည်း ပေါင် သန်း ၂၅၀ နီးပါးရှိလာပြီဖြစ်ပါတယ်။




