မြန်မာကိုယ်စားပြု E Sports အသင်းဖြစ်တဲ့ Yangon Galacticos အသင်းက 2025 PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်(ဒ်)မြို့မှာ ဩဂုတ် ၁ ရက်ကနေ ၃ ရက်ထိ ကျင်းပပြုလုပ်တဲ့ ဗိုလ်လုပွဲစဉ်တွေမှာ Yangon Galacticos အသင်းက အကောင်းဆုံး လက်စွမ်းပြခဲ့ပြီး အမှတ်အများဆုံးရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ အဆင့် ၁ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့တာပါ။

အခုရရှိတဲ့ ချန်ပီယံဆုဟာ Yangon Galacticos PUBGM အသင်းအနေနဲ့ ပထမဆုံး E Sports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင် သစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်တယ်လို့ Yangon Galacticos အသင်းက ပြောပါတယ်။အခုပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆု ရရှိသူက အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ဆွတ်ခူး ရရှိခဲ့တယ်လို့လည်း သိရပါ တယ်။

PMWC 2025 ပြိုင်ပွဲကိုတော့ နိုင်ငံပေါင်း ၅၀ က အသင်းတွေ ခြေစစ်ပွဲအဆင့် ယှဉ်ပြိုင်ဖြတ်ကျော်ပြီးနောက် ကမ္ဘာ့ ထိပ်တန်းအသင်းပေါင်း ၂၄ သင်းက ဆက်လက်ယှဉ်ကစားကာ ချန်ပီယံဆု ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။အခုပြိုင်ပွဲမှာတော့ ဒုတိယဆုကို တရုတ် Weibo Gaming Esports အသင်းက ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ဆုကြေး အမေရိကန်ဒေါ်လာ သုံးသန်းထိ ချီးမြှင့်ခဲ့ပါတယ်။



