၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း စိန့်မြစ်အတွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်းက ဇူလိုင်လ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
ရာသီဥတုအခြေအနေနဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အိုလံပစ်ဖွင့်ပွဲကို မူလကစီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ဖို့အတွက် သံသယတွေ ရှိနေ ချိန်မှာ မက်ခရွန်းက ရုပ်သံအင်တာဗျူးမှာ အခုလို အတည်ပြုသွားခဲ့တာပါ။
ဒါ့အပြင် လုံခြုံရေး အကြောင်းပြချက် နဲ့ ပဲရစ်အိုလံပစ်ဖွင့်ပွဲကို တက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုရဲ့ ပြောကြားချက် ကို သဘောမတူပေမယ့် နေတန်ညာဟုအနေနဲ့ ဖွင့်ပွဲကို တက်ရောက်မယ်ဆိုရင်တော့ ကြိုဆိုသွားမှာ ဖြစ်တယ်လို့ မက်ခရွန်းက ပြောထားပါတယ်။
ပဲရစ်အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ နာမည်ကြီး အဆိုတော် စလင်းဒီယွန် လာရောက်ဖျော်ဖြေမယ့်အပေါ်လည်း မက်ခရွန်းက အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ပိုမို ကြီးကျယ်ခမ်းနား သွားစေ လိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။
ပဲရစ်အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ပြိုင်ပွဲဝင်ကစားသမားတွေဟာ စိန့်မြစ်အတွင်း လှေတွေနဲ့ ၆ ကီလိုမီတာ ခရီးကို ချီတက်ပြသ ကြမှာ ဖြစ်ပါတယ်။