နယ်သာလန် ဒရိုင်ဗာ မက်စ် ဗာစတက်ပန်က လာမယ့် ၂၀၂၆ ဖော်မြူလာဝမ်းရာသီမှာ ရက်ဘူးလ်အသင်း ဒရိုင်ဗာ အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဗာစတက်ပန်ဟာ ရက်ဘူးလ်အသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ရှိထားပေမယ့် အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဗာစတက်ပန်က ၂၀၂၆ ရာသီမှာ ဆက်ရှိမယ်လို့ ပြောဆိုလိုက်တဲ့အတွက် ၂၀၂၆ အလွန်မှာ ဗာစတက်ပန်ရဲ့ အနာဂတ်က အပြောင်းအလဲရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဩဂုတ်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဟန်ဂေရီဂရင်းပရီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဗာစတန်ပန်က အသိပေးသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာဖို့ အာရုံစိုက်ထားပြီး လာမယ့်နှစ်မှာလည်း အသင်းမှာဆက်ရှိနေမယ်ဆိုတာ သေချာပါတယ်လို့ ဗာစတက်ပန်က ပြောသွားပါတယ်။ ဗာစတက်ပန်ကို ပြိုင်ဘက် မာစီးဒီးစ်အသင်းက စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေထွက် နေပေမယ့် မာစီးဒီးစ်အသင်းက လာမယ့်နှစ်အတွက် အသင်းဒရိုင်ဗာတွေအဖြစ် ရပ်ဆဲလ်နဲ့ အန်တိုနယ်လီတို့ကို ဆက်ပြီးတာဝန်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ ဗာစတက်ပန်ဘက်က အခုလိုပြောလာခဲ့တာ ဖြစ်ပါတယ်။



