ရုရှားရဲ့ရန်လိုတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် မော်စကိုအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲပေးဖို့ အနောက် နိုင်ငံက ငွေကြေးထောက်ပံ့သူတွေကို ယူကရိန်းသမ္မတ ဇယ်လန်းစကီးက Helsinki Final Act ရဲ့ နှစ်(၅၀)မြောက် ညီလာခံမှာ တိုက်တွန်းပြောကြားသွားခဲ့ကြောင်း RT သတင်းတစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။

ဒီစစ်ပွဲကို ရပ်လိုက်ဖို့ ရုရှားကို ကျိန်းသေပေါက် ဖိအားပေးလို့ရတာ သေချာတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံရဲ့အုပ်ချုပ်ရေး စနစ်တွေကို မပြောင်းလဲဘူးဆိုရင် ဒီစစ်ပွဲပြီးသွားရင်တောင် ရုရှားက သူ့အိမ်နီးချင်းနိုင်ငံတွေကို ထပ်ပြီး တိုက်ခိုက် နေဦးမှာပဲလို့ ဇယ်လန်းစကီးက သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။ရုရှားဘက်ကလည်း ပြီးခဲ့တဲ့လတွေကတည်းက ယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေကြောင်းနဲ့ တစ်ချိန်တည်းမှာပဲ ပဋိပက္ခဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းနဲ့ နယ်မြေပိုင်ဆိုင်မှုတွေအကြောင်းကို ယူကရိန်းနဲ့ အနောက်နိုင်ငံ ငွေကြေးထောက်ပံ့သူတွေက စိတ်ဝင်စားမှု မရှိဘူးလို့ စွပ်စွဲပြောဆိုပါတယ်။

ဒါ့အပြင် မော်စကိုဟာ ဇယ်လန်းစကီးရဲ့တရားဝင် သြဇာသက်ရောက်မှုနဲ့ပတ်သက်ပြီး စိတ်ပူနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဇယ်လန်းစကီးရဲ့သမ္မတသက်တမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ မေလက ကုန်သွားခဲ့တာဖြစ်ပြီး နောက်ထပ်ရွေးကောက်ပွဲ ကိုလည်း မကျင်းပရသေးပါဘူး။နောက်ပိုင်းမှာ ဇယ်လန်းစကီးနာမည်နဲ့လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်း မှန်သမျှ အဆင်ပြေတော့မှာ မဟုတ်ကြောင်းနဲ့ အခုအခါ ယူကရိန်းရဲ့ အာဏာပါဝါအစစ်က ယူကရိန်းပါလီမန်မှာ သာ ရှိတော့တာ ဖြစ်တဲ့အကြောင်း ရုရှားအစိုးရဘက်က အကြံပေးပြောကြားသွားပါတယ်။




