ချဲလ်ဆီးအသင်းဟာ နယ်သာလန် ဘယ်နောက်ခံလူ ဂျိုရယ် ဟာတိုကို ပေါင် ၃၇ သန်းနဲ့ခေါ်ယူဖို့ အေဂျက်ဇ် အသင်းဆီကနေ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုကို ချဲလ်ဆီးအသင်းက ၂၀၃၂ အထိ သက်တမ်းရှိတဲ့ ကာလရှည်စာချုပ်ကိုချုပ်ဆိုမှာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဟာတိုက လန်ဒန် မြို့မှာ ဆေးစစ်မှုခံယူမယ်လို့ သိရပါတယ်။

ဘယ်နောက်ခံလူ နေရာမှာသာမက ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ ဟာတိုက အသင်းရဲ့ အနာဂတ်ခံစစ်မှာ အားကိုးရမယ့် ကစားသမားအဖြစ် ချဲလ်ဆီးအသင်း ယုံကြည် နေပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီကမှ အေဂျက်ဇ်အသင်းကြီးနဲ့အတူ စတင်ပွဲထွက်ခွင့်ရထားတဲ့ ဟာတိုက အေဂျက်ဇ် အသင်းသမိုင်းမှာ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားလည်းဖြစ်ပါတယ်။ အေဂျက်ဇ် အသင်းအတွက် နယ်သာလန်လိဂ်မှာ ၇၅ ပွဲ ကစားပေးထားပြီး ၃ ဂိုးသွင်းယူပေးထားတဲ့ ဟာတိုကို ၂၀၂၃ မှာပဲ နယ်သာလန် လက်ရွေးစင်အသင်းကြီးက ခေါ်ယူခဲ့ပါတယ်။

နယ်သာလန်လက်ရွေစင်အသင်းနဲ့အတူ ၆ ပွဲကစား ပေးထားတဲ့ ဟာတိုက ချဲလ်ဆီးအသင်းမှာ ဘယ်နောက်ခံလူနေရာ ပွဲထွက်ခွင့်အတွက် ကူကူရယ်လာနဲ့ နေရာပြိုင် လုရတော့ မှာဖြစ်ပါတယ်။ အခုနွေရာသီမှာ ကစားသမားသစ် ၇ ဦးအထိခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်းအတွက် ဟာတိုက ၈ ယောက်မြောက်ကစားသမားသစ်လည်းဖြစ်လာပြီး အခုနွေရာသီ ချဲလ်ဆီးအသင်းအသုံးစားရိတ်က ပေါင်သန်း ၂၅၀ ကျော်သွားပြီလည်းဖြစ်ပါတယ်။




